လက်နက်ကြီးအသံတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝမ်းချောင်းကျေးရွာသားတွေ ထွက်ပြေး

ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၁၁-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မဲခချောင်းအတွင်းမှာ မြန်မာတပ်မတော်နဲ့ AA တို့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ဖက်ဝမ်းချောင်းကျေးရွာနဲ့ တစ်မိုင်ခွဲလောက်သာကွာဝေးတဲ့အတွက် လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကြားနေရတာကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ သင်းပုန်းတန်းကျေးရွာကို ထွက်ပြေးရောက်ရှိနေကြတာဖြစ်ပါတယ်။

“ လူအင်အားစုစုပေါင်းက ၄၂ ဦးပါပါတယ်၊ ကလေးတွေလည်းပါပါတယ်၊ မန့က ညနေပိုင်းကကျွန်တော်တို့ရွာကို ရောက်လာခဲ့ကြတာပါ၊ တိုက်ပွဲဖြစ်နေတာကြောင့် ကြောက်ပြီးထွက်ပြေးလာကြတယ်လို့ ပြောပါတယ်၊ သူတို့ကိုတော့ ဘုန်းကြီးကျောင်းမှာပဲ ယာယီနေရာချထားပါတယ် ”လို့ သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။

ထွက်ပြေးလာခဲ့ကြသူတွေဟာ ဖက်ဝမ်းချောင်းကျေးရွာက အိမ်ထောင်စု ၁၀စုရှိပြီး ကျား၁၉ ဦး မ ၂၃ ဦးရှိပြီး တောင်ပေါ်ဒေသတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ မြိုတိုင်းရင်းသားလူမျိုးတွေဖြစ်ကြပါတယ်။

“ကျွန်တော်တို့ရွာနဲ့ တိုက်ပွဲဖြစ်တဲ့နေရာက သိပ်မဝေးဘူး၊ မဲခချောင်းထဲမှာဖြစ်နေတာပါ၊ ဖြစ်တာက တစ်ရက်နှစ်ရက်ရှိပြီ၊ အသံတွေကြားရတယ်၊ လက်နက်ကြီးတွေနဲ့ပစ်တဲ့အသံတွေ ကြားလာရတဲ့အတွက် ကြောက်ပြီးထွက်ပြေးလာခဲ့တာပါ”လို့  ဖက်ဝမ်းချောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ၈ ရက်နေ့အထိ လက်နက်ကြီးတွေရဲ့အသံတွေပါ ကြားလာရတာကြောင့် ကျေးရွာကိုထိခိုက်မှာစိုးရိမ်ပြီး ညတွင်းချင်းထွက်ပြေးလာခဲ့ကြတာဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

အခုအချိန်ဟာ ဆောင်းတွင်းကာလဖြစ်ပြီး ရခိုင်ပြည်နယ်ဟာ အအေးများတဲ့ဒေသဖြစ်တာကြောင့် အဲဒီထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာသားတွေအတွက် အဝတ်အထည်နဲ့ ခြုံစောင်တွေလိုအပ်လျှက်ရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

#voiceofmyanmar#ရခိုင်ပြည်နယ်#လက်နက်ကြီးသံကြောင့်ဖက်ဝမ်းချောင်းရွာသားတွေထွက်ပြေး#

(ဓါတ်ပုံက မြိုလူမျိုးတွေကောက်စိုက်နေတဲ့ ပုံဖြစ်ပါတယ်။)

Related posts

Leave a Comment

VOM News

FREE
VIEW