မုံရွာတွင် ၂ ရက်ဆက်တိုက် မီးလောင်မှုဖြစ်ပွား

မုံရွာ၊ ဇန်နဝါရီ ၅-၂၀၁၉

ဗျဂ္ဃ (VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ၂၀၁၉ ခုနှစ်၊ နှစ်စပိုင်း ဇန်နဝါရီလ ၃ ရက်၊ ၄ ရက်နေ့တွေမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မီးလောင်မှု ၂ ခုစလုံးက ပေါ့ဆမီးတွေကြောင့် လောင်ကျွမ်းတာဖြစ်ပြီး မီးပေါ့ဆသုံးစွဲသူတွေကို အရေးယူထားတယ်လို့ သိရပါတယ်။

“၃ ရက်နေ့က လောင်တာကတော့ မီးလန့်မှုအဆင့်လောက်ပါပဲ၊ ဆုံးရှုံးမှု ၂၀၀၀ ကျပ်ဖိုးပဲရှိပါတယ်၊ဒုတိယအကြိမ်ကတော့ ဆုံးရှုံးမှုတန်ဖိုးများတယ်၊ ၁၂ သိန်းကျော်တယ်ပေါ့၊ အဆောက်အဦး ၂လုံး မီးလောင်သွားတယ်၊ အိပ်တဲ့အချိန်လည်းဖြစ်တယ်၊ လမ်းက လူပြတ်တာကော၊ ပြီးတော့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက်လည်း ကြီးမားသွားတာပါ”လို့ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးညီညီဇော်က ပြောပါတယ်။

မီးလောင်မှုတွေ လျော့နည်းရေးအတွက် ရပ်ကွက်၊ ဈေး၊ ကျောင်း၊ ရေနံချက်ဖိုတွေမှာ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲတွေ လှည့်လည်လုပ်ဆောင်နေပြီး ဆောင်းရာသီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း မီးပိုသုံးစွဲတဲ့အပေါ်မှာ အထူးဂရုစိုက်ကြဖို့ လိုအပ်တယ်လို့လည်းဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မုံရွာမြို့နယ်မှာ မီးလောင်မှုအကြိမ်ရေ ၃၈ ကြိမ်ဖြစ်ပွားခဲ့ကာ အများစုက ပေါ့ဆမီးကြောင့်ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၆၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်မှုတွေဖြစ်ပွားရင်လည်း ပြည်သူတွေက အလျင်အမြန်မီးငြိမ်းသတ်နိုင်ရေးမှာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပေမယ့် မီးသတ်ကားသွားရာလမ်းတလျှောက်မှာ မီးလောင်ရာကို သွားကြည့်ကြတဲ့ ဆိုင်ကယ်တွေကြောင့်လည်း မလိုလားအပ်တာတွေ ဖြစ်ပေါ်စေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားပေးကြဖို့လိုတယ်လို့လည်း ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ ညက ဆင်ဖြူတော် ၂ အထည်ဆိုင် မီးလောင်မှုကိုတော့ နာရီဝက်ခန့်အကြာ မီးသတ်ယာဉ် ၁၄ စီး၊ ရေသယ်ယာဉ်၁၀ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ကျော်၊ အခြားဌာနဆိုင်ရာတွေ၊ ပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆသူ ဦးကျော်မြတ်မင်းဆိုသူကိုတော့ မုံရွာမြို့မရဲစခန်းက (ပ)၁၉/၂၀၁၉၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar#မုံရွာ#မီးလောင်မှု#

Related posts

Leave a Comment

VOM News

FREE
VIEW