ဟာသသရုပ်ဆောင် ကင်းကောင် ရုတ်တရက်ကွယ်လွန်

ရန်ကုန် ဇန်န၀ါရီ ၂၂ -၂၀၁၉

သင်းသဒ္ဒါ (VOM)

လူရွှင်တော်၊ သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီ ၂၂ ရက် နံနက် (၆) နာရီခွဲခန့်က ပုပ္ပါးမှာ ချွဲကျပ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့  ဒါရိုက်တာ ကျော်ဇောလင်းနဲ့ သရဲလေးကောင် ဇာတ်ကားလမ်းတွဲ ကို ပုပ္ပါးမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။

” ဒီနေ့မနက်ဆုံးသွားတာပါ။ ပုပ္ပါးမှာ ဇာတ်လမ်းတွဲ သွားရိုက်ကူးနေတာပါ။ ဇနီးနဲ့ သားလည်း ပါသွားပါတယ်။ အရမ်းအေးလို့ ချွဲကျပ်ပြီးဆုံးသွားတာပါ ” လို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် ဌက်ပျောကြော်ရဲ့အမျိုးသမီး နေဇာဘုန်းမြင့်က ပြောပါတယ်။

အနုပညာ သက်တမ်း ၃၀ ကျော်ရှိတဲ့ ဦးကင်းကောင်(ခ) မျိုးမြင့် အသက် ၅၅ နှစ် ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ရန်ကုန်သို့ ပြန်သယ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

“တက္ကသိုလ် ကျောင်းသား ဘဝအငြိမ့်ကတော့ လူပြက်နာမည်က အရှည်ကြီး။ နာမည် အရင်းက (မျိုးမြင့်) ။ ကျွန်တော်နဲ့ တွေ့တော့ ကင်းကောင်လို့နာမည်  ပြောင်းပေးလိုက်တယ်။ လူကောင်က ထွားတာကိုး။ မြပုဏ္ဏမာဆိုတာ ၁၉၈၅ ကနေ ဒီနေ့ထက်ထိ ပဲ။ မြပုဏ္ဏမာ ကို ပထမ ဆုံး လက်ပြ နှုတ်ဆက်သွားတာ သူ ဖြစ်သွားပြီ။ သူ အိပ်ယာပေါ်လဲတော့ ကျွန်တော် အနားမှာ အမြဲ ရှိတယ်။ ခွဲ ဖို့ စိတ်ဖို့ လက်မှတ်ထိုးတာက အစ သွေး ရှာတာ အဆုံး။ သက်သာလာတော့ အနုပညာပိုး ကသတ်မသေ။ လောလောဆယ် ပြနေတဲ့ သာမိုမီတာ ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်သေးတယ်။ ဒီကနေ အခု ပုပ္ပါး ကဇာတ်လမ်းတွဲ ပါ လို့ဆိုပြီး မိသားတစုလုံး သွားကြတာ လို့ ဦးဇာဂနာက ပြောပါတယ်။

ကိုကင်းကောင်ခေါ် ကိုမျိုးမြင့်ကို ငမျိုးလို့ခေါ်တဲ့ တက္ကသိုလ်အတူတက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်က

“ ၈၃ကတည်းက အာစီတူးမှာအတူပေါင်းခဲ့တာ၊ သူငယ်ချင်း အများထဲမှာအတော်စိတ်ရင်းကောင်းတယ်။ မှတ်မှတ်ရရကတော့  သူ့မိန်းမ  မအေးကို  အီကိုမှာ သွားပိုးတော့ သူက ဘယ်လောက်ရုပ်ပြောင်ပြောင် တယောက်တည်းမသွားရဲဘူးဗျ၊  ငှက်ပျောကြော်တို့ ၊ ကျနော်တို့ ၊ အရိုင်း(အောင်သန်းဦး) တို့ အုပ်စုလိုက်ချီတက်တာပေါ့ အဲဒါတွေက အမှတ်ရပေါ့။ ကျနော်တို့အမြဲပျော်နေကြတာ ။ အရမ်းခင်တော့နာမည်အရင်းမခေါ်ကြဘူး ကျနော်က ငမျိုး လို့ခေါ်တောာ့ သူကလည်း ငဘွယ်လို့ခေါ်တယ်။သူဆုံးသွားတော့ ဘာဘဲပြောပြော သူငယ်ချင်းထဲ စိတ်ကောင်းပြီး သည်းခံတဲ့သူငယ်ချင်းဆုံးရှုံးသွားရတော့ တကယ်စိတ်မကောင်းဘူး ”  လို့ ဝမ်းနည်းစကားကိုဆိုပါတယ်။

ဟာသသရုပ်ဆောင် ဦးကင်းကောင်ဟာ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာ နေထိုင်သူဖြစ်ပြီး မြန်မာစာအထူးပြုနဲ့ ကျောင်းပြီးခဲ့ကာ အသက် ၂၀ အရွယ်ကတည်းက အငြိမ့်တွေမှာ စတင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်လောက ကိုဝင်ရောက်လာသူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ဈာပနကို ဘယ်နေ့လုပ်မယ်ဆိုတာတော့ မသတ်မှတ်ရသေးပါဘူး။

#voiceofmyanmar#ကင်းကောင်

ဓါတ်ပုံ ဇာဂနာ ဖေ့ဘုတ်

 

Related posts

Leave a Comment

VOM News

FREE
VIEW