ရန်ကင်းအိမ်ရာဟာ အငှားအိမ်ရာသာဖြစ်ပြီး ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ဟု လျှပ်စစ် /စက်မှုနှင့် လမ်းပန်း ဝန်ကြီးဆို

ရန်ကုန် ဖေဖေါ်ဝါရီ ၁၁ -၂၀၁၉

TGH (VOM)

ရန်ကုန်တိုင်း ၊ ရန်ကင်းမြို့နယ်ရှိ  ရန်ကင်းအိမ်ရာမှာ အငှားအိမ်ရာတွေသာဖြစ်ပြီး ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ကြောင်းနဲ့ အိမ်အိုအိမ်ဟောင်းတွေကို ပြုပြင်မွမ်းမံဖို့လိုအပ်တယ်လို့   လျှပ်စစ် /စက်မှုနှင့် လမ်းပန်း ဝန်ကြီးဒေါ်နီလာကျော်က  ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က ရန်ကင်းအိမ်ရာစခန်း ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။

“ရန်ကင်းအိမ်ရာဆိုတာ ၁၉၅၂ ခုနှစ်က ဖဆပလ အစိုးရကနေပြီး နိုင်ငံ့ဝန်ထမ်းတွေ ၊ကျဆုံးစစ်သည်မိသားစုတွေ၊ မီးဘေးသင့်တဲ့နေအိမ်တွေကနေ ရွှေ့ပြောင်းပေးဖို့ဆိုပြီး အငှားအိမ်ရာအနေနဲ့တည်ဆောက်ခဲ့တာဖြစ်တယ်။ ကျွန်မပြောချင်တာ ဒါတွေက အငှားအိမ်ရာပါ အရောင်းအိမ်ရာမဟုတ်ပါဘူး။ ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ပါဘူး ခုဒီတိုက်တွေကအိုကုန်ပြီ နှစ် ၅၀ အထက် တချို့ဆို နှစ် ၃၀ အထက်ဆိုတော့ အိုဟောင်းကုန်ပြီ အဲ့လိုအချိန်မှာပြုပြင်ဖို့မွမ်းမံဖို့ လိုလာရင်တော့ ဒါဟာ အစိုးရမှာတာဝန်ရှိတယ်” လို့ ဝန်ကြီးဒေါ်နီလာကျော်က ပြောဆိုခဲ့ပါတယ်။

အစိုးရပြောင်းသွားခဲ့ရင်တောင် ရန်ကင်းအိမ်ရာသစ်စီမံကိန်းဖော်ဆောင်မှုက ရပ်သွားမှာမဟုတ်ကြောင်း ၊ ပုဂ္ဂလိက အနေနဲ့လုပ်ဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံတော်အစိုးရကဦးစီးဆောင်ရွက်တာဖြစ်ကြောင်း ၀န်ကြီးက ကတိပေးပြောကြားသွားပါတယ်။

ဒီရန်ကင်းအိမ်ရာစီမံကိန်း ပြန်လည်အဆင့်မြှင့် တည်ဆောက်တဲ့အခါ တိုက်ခန်း တစ်ခန်းကို အကျယ်အ၀န်းစတုရန်းပေ ၆၀၀ မှ ၆၅၀ ပေအထိပေးရန် လျာထားကြောင်း နဲ့ စီမံကိန်းကို ပြန်လည်ပြင်ဆင် ဆောက်လုပ်ပြီး ပိုလျှံတဲ့ မြေတွေမှာပါ  ဖွံ့ဖြိုးရေးစီမံကိန်းတွေ  ပြုလုပ်ဖို့ စီမံကိန်း မာစတာပလန်လည်း  ရေးဆွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။

”ကျွန်တော်တို့က စတုရန်းပေ (၆၀၀) ကနေ (၆၅၀) ထိ ခန့်မှန်း ထားပါတယ်၊ဒါကကုလသမဂ္ဂစံချိန်စံညွှန်းပါဒီထက်ပိုပြီးကျယ်ကျယ်ယူချင်တာကို နားလည်ပါတယ်။ လူတိုင်းက ကိုယ့်ရဲ့အိမ်ကို တိုးတက်အောင် လုပ်ချင်တာလည်း နားလည်ပါတယ်” လို့ မြို့ရွာနဲ့ အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင် က အဲ့ဒီဆွေးနွေးပွဲမှာ ပြောပါတယ်။

ရန်ကင်း အိမ်ရာမှာ နေထိုင်သူတွေကတော့  တစ်ခန်းကို အနည်းဆုံး စတုရန်းပေ ၉၀၀ ပေးဖို့နဲ့ စနစ်တကျ အဖွဲ့အစည်းတွေဖွဲ့ပြီး အာမခံချက်ရှိဖို့လိုကြောင်း တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ရှိပြီးသားရန်ကင်းအိမ်ယာတွေကို ဖျက်သိမ်းပြီး ရန်ကင်းအိမ်ရာသစ်မစီမံကိန်းအဖြစ် ဒေါင်လိုက်တိုးချဲ့တဲ့ပုံစံမျိုးနဲ့  (၁၂) ထပ် တိုက်တွေအဖြစ် တိုးချဲ့ဆောက်လုပ်သွားမယ်လို့သိရပါတယ်။ စီမံကိန်းပြီးစီးတဲ့အခါ တိုက်ခန်းတွေကို မဲနှိုက်ရွေးချယ်ချထားပေးမှာဖြစ်တယ်လို့ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတွေက ဆိုပါတယ်။

စီမံကိန်းစတင်ဆောင်ရွက်တဲ့အခါမှာ အိမ်ရာ  နေထိုင်သူတွေအတွက် ရွှေ့ပြောင်းစရိတ်နဲ့အတူ ငှားရမ်းနေထိုင်စရိတ်ကို စီမံပေးမှာဖြစ်ပေမယ့် နှုန်းထားအတိကျကိုတော့ ထည့်သွင်းပြောကြားတာမရှိသေးပါဘူး။

“ဘယ်နေ့အိမ်ပေါ်ကဆင်းရမလဲမသိဘူး ။ရွှေ့ပြောင်းစားရိတ်ကဘယ်လောက်ပေးမှာလဲ။ လုပ်နေတဲ့ အလုပ်အကိုင်တွေကရော ဘယ်လိုဆက်လုပ်ရမှာလဲ။ လက်ရှိကျွန်တော်တို့နေနေတာ နှစ်ပေါင်း ၃၃ နှစ်ရှိနေပြီးကြီးမားတဲ့  ပြင်ဆင်မှု၊ ပျက်စီးတာမရှိသေးဘူး။ သူတို့ပြောလို့သာ ဒီတိုက်တွေက ပြန်ပြုပြင် ဖို့လိုတယ်တယ်ဆိုတာသိရတာ။ စီမံကိန်းကဘယ်လောက်ကြာမှာလဲ။ ဒီကာလ ဘာလုပ်နေရမလဲ။”လို့ ရန်ကင်းမြို့နယ် က ပြည်သူတစ်ဦးကပြောပါတယ်။

လက်ရှိ ရန်ကင်းအိမ်ရာ စတင်ဆောက်လုပ်ခဲ့စဉ်က  မြေဧက ၁၅ ပေါ်မှာ တိုက်အလုံးရေ ၂၈၆ လုံး၊ အခန်းပေါင်း (၄,၁၄၀) ခန်း တည်ဆောက်ခဲ့တာဖစ်ပြီး ရန်ကင်း ၁ ရပ်ကွက်ကနေ ၆ ရပ်ကွက်ထိ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ယခု တစ်စတုရန်းပေကို ၁၂ ကျပ်ခွဲနှုန်း ကောက်ခံနေပြီး အိမ်ယာသစ်စီမံကိန်းပြီးစီးပါက တစ်စတုရန်းပေကို ၂၅ ကျပ်နှုန်း ကောက်ခံမယ်လို့လည်းသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW