နိုင်ငံရေးတက်ကြွတဲ့ မုံရွာမြို့ခံလူငယ်တွေ စုပေါင်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စတစ်ကာကမ်ပိန်းပြုလုပ်

မုံရွာ ဖေဖေါ်ဝါရီ ၁၂-၂၀၁၉

ဗျဂ္ဃ(VOM)

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မုံရွာမြို့ခံ နိုင်ငံရေးတက်ကြွတဲ့ လူငယ်တွေက ဖွဲ့စည်းပုံပြင်ဆင်ရေး စတစ်ကာ ကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။

မြို့ပေါ်က ဈေးတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေးစာတမ်းပါတဲ့ စတစ်ကာ ၁၂၀၀၀ ကို ဖြန့်ဝေကပ်ခဲ့ကြတာပါ။ မုံရွာလူငယ်အဖွဲ့ဝင် ကိုရေချမ်းက

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဓိကပေါ့။ နောက်ပြီး အခုလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ လုပ်နေတယ်။ ဒါကိုလည်း ကြိုဆိုထောက်ခံတယ်။ တဖက်ပိတ် တဖက်ပွင့်ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုမရှိဘူး။ ပြည်သူကိုယ်စားပြုတဲ့ ဥပဒေဖြစ်စေချင်တယ်။”လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း အမျိုးမျိုးထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ လွှတ်တော်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ကို လွှတ်တော်က အတည်ပြုထားပြီး ကော်မတီဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွေ၊ ဆန္ဒဖော်ထုတ်ပွဲတွေကိုလည်း မြို့ကြီးအချို့မှာ လုပ်ဆောင်နေကြပါတယ်။ မုံရွာမြို့မှာလည်း နိုင်ငံရေးအင်အားစုတွေ ပူးပေါင်းကာ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲကို မကြာခင် ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။

#voiceofmyanmar#ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံ#မုံရွာ

 

Related posts

Leave a Comment

VOM News

FREE
VIEW