စမ်းချောင်းမြို့နယ်မှာ အခန်းအတွင်း အပုပ်နံ့ထွက်လာမှ အဖွားအိုတဦး အလောင်းတွေ့

ရန်ကုန် ဖေဖော်ဝါရီ ၁၃ -၂၀၁၉

TGH (VOM)

 

နေအိမ်အခန်းအတွင်း အပုပ်နံ့ထွက်ပေါ်မှ အသက် ၇၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးသေဆုံးနေကြောင်း သိရှိရတဲ့ ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ယနေ့ဖြစ်ပွားခဲ့ပါတယ်။

စမ်းချောင်းမြို့နယ်၊ မင်းလမ်းမှာရှိတဲ့ အိမ်အမှတ် ၆၈ ရဲ့ ပထမထပ် နေအိမ်အခန်းတွင်းက ယနေ့ ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အပုပ်နံ့ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုအပုပ်နံ့ထွက်တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက နေအိမ်အတွင်း ၀င်ရောက်စစ်ဆေးတဲ့အခါ အိမ်ရှင်အမျိုးသမီးတစ်ဦးသေဆုံးနေ တာကိုတွေ့ရှိခဲ့ရတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး ဦးမျိုးမြင့်က ပြောပါတယ်။

”သူက စမ်းချောင်းသူပါ။ လမ်းသွားလမ်းလာတွေက ဒီရှေ့ကနေဖြတ်သွားတိုင်း ပုပ်စော်နံတယ်ပြောကြလို့ ခုလို လာစစ်ဆေးကြည့်တော့ သေနေတာတွေ့ရတယ် အလောင်းက တော်တော်လေးပုပ်နေပြီ။ ခန့်မှန်း  ၄ ရက် ၅ ရက်လောက်ရှိနေပြီထင်တယ် ၊ သူ့မှာရန်ငြိုးရန်စလည်းမရှိဘူး အသက်လည်းကြီးနေပြီဆိုတော့ သမားရိုးကျဖြစ်ဖို့များပါတယ်”လို့ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့နာမည်က  ဒေါ်အေးငြိမ်းဖြစ်ပြီး အပျိုကြီးလည်းဖြစ်ပါတယ်။ နောက်ပြီး အခန်းမှာ တစ်ဦးတည်းနေထိုင်တာဖြစ်သလို အမှတ်(၆၈)တိုက်ရဲ့ မြေရှင်တစ်ဦးဖြစ်တဲ့အပြင် တိုက်ခန်းအငှားချထားသူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့  မြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်းနဲ့ အလောင်းကိုရင်ခွဲစစ်ဆေးပြီးမှသာ သမရိုးကျ သေဆုံးခြင်းဟုတ်မဟုတ်ကို သိရမှာဖြစ်တယ်လို့ ဆိုပါတယ်။ယခုလို အခန်းတွင်း အပုပ်နံ့ထွက်မှ သေဆုံးကြောင်းသိရှိတဲ့ ဖြစ်စဉ်မျိုး စမ်းချောင်းမြို့နယ်မှာဖြစ်ပွားတာ ၃ ကြိမ်ရှိပြီလို့သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW