Line Walker 2 အက်ရှင်ဇာတ်ကားရိုက်ကူးဖို့ ယူဆောင်လာတဲ့ သေနတ်ကျည်တွေကို မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ထိန်းသိမ်းထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၁၉

သင်းသဒ္ဒါ

 

ဟောင်ကောင်ကနေ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ လာရောက်ရိုက်ကူးနေတဲ့ Line Walker 2 (Operation Midnight Shadow) အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီးမှာ အသုံးပြုမယ့် သေနတ် ကျည် တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လက်ရှိမှာ ထိန်းသိမ်းထားပါတယ်။

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို တိုင်းရင်းသားကျေးရွာမှာ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီးစတင်ရိုက် ကူးနေတာဖြစ်ပါတယ်။

 

“ကျွန်မတို့ကို ပြန်ကြားရေး ၀န်ကြီးဌာန ကမကထလုပ်ပြီးတော့ ကိုဖိုးလုံးကလည်း ပါဝင်ပြီးတော့ လိုအပ် ချက်တွေကို ရေးဆွဲမှုတွေ လုပ်ဆောင်ပေးထားပါတယ်။ ခု လမ်းပိတ်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘက်က စတင်လမ်းဖောက် ပြီးပါပြီ။ နောက်ပိုင်း ဘယ်လိုလမ်းလျှောက်ရမယ့် လုပ်ငန်းစဉ်တွေကတော့ စတင် လိုက်ပြီးမို့ နောက်ပိုင်းဆက်လက်လုပ်ဆောင်လို့ရသွားပါပြီ။ သူတို့ နိုင်ငံမှာက Pre-Production နှစ်နဲ့ချီပြီးတော့ စီစဉ်ကြတယ်။ ဇာတ်ညွှန်းကိုလည်း နှစ်နဲ့ချီပြီးတော့ ရေးကြတယ်။ ကျွန်မတို့ မြန်မာနိုင်ငံကတော့ တော်ကြတော့ Pre-Production မလုပ်ပဲ ချက်ချင်းတန်းရိုက်ကြတာပါ။ တခြားနိုင်ငံကတော့ အက်ရှင်ကားကို အပြေးအလွှား အသက်အပုတ်ကားတွေကို ရိုက်ကြတာပါ”ဟု အဆိုပါ ရုပ်ရှင်တွင် production advisor အဖြစ်လုပ်ကိုင်နေတဲ့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

 

ဟောင်ကောင်က နာမည်ကြီးမင်းသား ၂ ယောက်နဲ့ အခြား အနုပညာရှင်တွေပါဝင်ပြီးတော့ ဇာတ် လမ်းကတော့ တိုက်ခိုက်တဲ့ အခန်းတွေ ၊ ပစ်ခတ်ရတာတွေပါတဲ့အတွက် အသုံးပြုဖို့ သေနတ်ကျည်တွေ ကို  ဟောင်ကောင်ကနေ ယူဆောင်လာပါတယ်။ ဒီအတွက် ရုပ်ရှင်ရိုက်ကူးတဲ့နေ့မှသာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကနေ ထုတ်ယူရမှာဖြစ်ပါတယ်။

 

ဒီရုပ်ရှင်ကားကို Shaw Brothers ရုပ်ရှင်ကုမ္ပဏီ က ရိုက်ကူးနေပြီးတော့ မြန်မာနိုင်ငံက ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတွေ ၊ ရန်ကုန်မြို့တော်စည်ပင်နဲ့ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့တို့က ပူးပေါင်း ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဖေဖော်ဝါရီ ၁၅ ရက် နဲ့ ၁၆ ရက်မှာ တိုင်းရင်းသားကျေးရွာမှာ ရိုက်ကူးခဲ့ပြီးတော့ ဖေဖော်ဝါရီ ၂၁ ရက် နဲ့ ၂၆ ရက်မှာတော့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ မဟာဗန္ဓုလပန်းခြံ၊ ဆူးလေဘုရားအနီးမှာ ရိုက်ကူးရေးတွေ လုပ်မယ်လို့ သိရပါတယ်။ ရုပ်ရှင် ရိုက်ကူး နေစဉ်ကာလ အချိန်ပိုင်းမှာတော့ လမ်းပိတ်ထားမှာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW