တရုတ်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ခွင့်ပြုမယ်ဆိုရင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁-၂၀၁၉

TGH (VOM)

 

တရုတ်နိုင်ငံသားတွေကိုသာ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်တန်းဖြစ်သွားပြီး မြန်မာတွေကို ရွှေပြည်သာ ၊လှိုင်သာယာတို့မှာသွားကြည့်ရလိမ့်မယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသက်လွင်တိုးက ပြောပါတယ်။

 

“တရုတ်ခရီးသွားတွေက ထိန်းမရသိမ်းမရ ဖြစ်နေပြီ။ ကိုရီးယားတွေကို အဲဒီလိုမဖြစ်အောင် လုပ်ရမယ်။ ချက်ချင်းတိုင်ကြားနိုင်ရမယ်။ ဒါမျိုးတွေကို ထိန်းချုပ်ဖို့အတွက် တိကျတဲ့ ခရီးသွားဥပဒေလည်း ထွက်လာပြီ။ ဒါကိုပိုပြီးထိရောက်ဖို့အတွက် နည်းဥပဒေကို ရေးဆွဲနေတယ်။ တရုတ်တွေကိုသာ ဗီဇာ free ပေးလိုက်ရင် မြန်မာနိုင်ငံဟာ တရုတ်တန်းဖြစ်သွားမယ်။ ရွှေပြည်သာတို့ လှိုင်သာယာတို့မှာ မြန်မာကို သွားကြည့်ရလိမ့်မယ်။ မန္တလေးဆို အဲဒီလို ဖြစ်နေပြီ။ ပိုက်ဆံက ဟိုဘက်အိတ် ဒီဘက်အိတ်ဝင်နေတာ။ ဗဟိုဘဏ်ကလည်း အခု ကြေညာချက်ထုတ်ထားတယ်ဆိုတော့ နောက်ပိုင်းအဆင်ပြေမယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

 

လက်ရှိမှာ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာနဲ့ မြန်မာပြည်ဝင်ခွင့်ပြုထားပါတယ်။ ဆိုက်ရောက်ဗီဇာ ခွင့်ပြုပြီးနောက်ပိုင်း တရုတ်ခရီးသွားဧည့်သည်ဝင်ရောက်မှုဟာ သိသာစွာမြင့်တက်လာခဲ့ကာ လေယာဉ်စင်းလုံးဖြင့်လည်း လာရောက်နေကြောင်းနဲ့ မြန်မာနိုင်ကို လာရောက်တဲ့နိုင်ငံတွေထဲမှာ တရုတ်က ဒုတိယနေရာမှာရှိနေတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

 

အဲဒီလို တရုတ်နိုင်ငံသားခရီးသွားဧည့်သည်တွေ လေယာဉ် စင်းလုံးပြည့်နဲ့လာရောက်တဲ့ ဧည့်သည်အများစုက zero ဒေါ်လာ(ခရီးစရိတ်ငြိမ်း) နဲ့ လာရောက်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ဗီဇာကြေး ဒေါ်လာ ၅၀ သာရရှိတာကြောင့် ရေရှည်အတွက်ဆိုရင် တိုင်းပြည်ဝင်ငွေကိုထိခိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။

 

ဒါတွေကို ခရီးသွားဥပဒေအရ ထိန်းချုပ်နိုင်​ဖို့ စီစဉ်​ထား​ကြောင်းနဲ့ အရှေ့နိုင်ငံတွေကို ဗီဇာဖြေလျှော့မှုပေးခဲ့တာဟာ အနောက်နိုင်ငံကနေ ခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းသွားခဲ့တဲ့အတွက် ခရီးသွားကဏ္ဍကို promote လုပ်ဆောင်ခဲ့ခြင်းသာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်သူတွေကပြောပါတယ်။

 

လက်ရှိမှာတော့  မြန်မာနိုင်ငံအတွက်အလားအလာရှိမယ့် နိုင်ငံအချို့ကို ဗီဇာဖြေလျှော့ပေးဖို့အတွက် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနတွေက ပူးပေါင်း ဆွေးနွေးညှိနှိုင်းမှုတွေ  ပြုလုပ်နေသလို မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်  ညှိနှိုင်းအစည်းအဝေးတွေလည်းပြုလုပ်နေပါတယ်။

 

 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ လိုက်နာရမယ့် ဆောင်ရန်/ရှောင်ရန် အချက်အလက်တွေပါဝင်တဲ့ Dos & Don’ts လက်စွဲစာအုပ်တွေကိုလည်း တရုတ်ဘာသာနဲ့ ပုံနှိပ်ထုတ်ဝေပြီး တရုတ်ခရီးသွားဧည့်သည်တွေကို ဖြန့်ဝေသွားနိုင်ရေး စီစဉ်နေတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ ဟိုတယ်ခရီး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW