လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ရမ်းချောင်းအထက်ပိုင်းက ရွာသားတွေထွက်ပြေး

မြောက်ဦး၊ ဖောဖော်ဝါရီ ၂၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မြောက်ပိုင်း ရမ်းချောင်းအထက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်နေ့က စတင်ပြီး မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်အကျအဆုံးတွေများပြားခဲ့ကြောင်းနဲ့ ကျောက်ကျပ်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာလည်း ညတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတဲ့အတွက် ရမ်းချောင်းအထက်ပိုင်းက အဆင်အိုး ကျေးရွာသားတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

 

“ကျွန်တော်တို့က တစ်နေ့က ညနေပိုင်းမှာ ဒီရွာကိုရောက်လာခဲ့ကြတာပါ။ ကျွန်တော်တို့ရွာနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ ရန်အောင်ပြင်ကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့လာတဲ့အချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြားနေရတဲ့အတွက် မနေရဲဘဲ ထွက်ပြေးလာခဲ့ကြတာပါ။”လို့ ဆင်အိုးကျေးရွာသား ကိုသန်းနိုင်က ပြောပါတယ်။

 

ရမ်းချောင်းဖျားဒေသအတွင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ နားလိပ်ကျေးရွာနဲ့ သာစည်ကျေးရွာအကြားမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကာလအတွင်း ဆင်အိုးကျေးရွာအနီးမှာလည်း လက်နက်ကြီးကျည်ကျရောက်မှုတွေရှိခဲ့တာကြောင့် ကျေးရွာသားတွေ ဗုံးခိုကျင်းထဲမှာ ခိုလှုံနေခဲ့ကြရတယ်လို့ ပြောပါတယ်။

 

“လက်နက်ကြီးတွေနဲ့ပစ်တဲ့အတွက် ကျွန်တော်တို့ရွာနားက တောင်နားမှာ ငါးချက်လောက်လာကျတယ်။ ရွာသားတွေအကုန်လုံး ဗုံးကျင်းထဲဝင်နေခဲ့ရတယ်။ ထိခိုက်တာတွေတော့မရှိခဲ့ဘူး။ အခုလာတာက တိုက်ပွဲတွေဆက်ဖြစ်လာမှာကိုစိုးတယ်။ ပြီးတော့ စားနပ်ရိက္ခာပြတ်တောက်ရင် ဒုက္ခရောက်မှာစိုးရိမ်ပြီး ထွက်ပြေးလာခဲ့ကြတာပါ။”လို့ ကျေးရွာသားကိုသန်းနိုင်က ပြောပါတယ်။

 

“ကျွန်တော်တို့က တိုက်ပွဲတွေကြောင့်ထွက်ပြေးလာခဲ့ကြတာဆိုတော့ တိုက်ပွဲတွေမရှိမှာပဲရွာကိုပြန်နိုင်မှာပါ။ ဘယ်အချိန်ပြီးမလဲဆိုတာလည်းမသိနိုင်ဘူး။ စိုးရိမ်တာတစ်ခုကတော့ ကိုယ့်ရွာကိုပြန်ခွင့်မရဘဲ ဒီနေရာမှာဆက်နေသွားရမှာကိုပဲ ကြောက်တာပါ။”လို့ ဆင်အိုးကျေးရွာတာဝန်ခံ ဦးသန်းဝင်းလှိုင်က ပြောပါတယ်။

ဆင်အိုးကျေးရွာဟာ အိမ်ခြေ ၄၀ ၀န်းကျင်သာရှိပြီး ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြတာဖြစ်ကြောင်းနဲ့ အိမ်ထောင်စု ၃၉ စု၊ လူဦးရေ ၁၇၇ ယောက်တို့ဟာ မြောက်ဦးမြို့နယ် စေတီတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ယာယီခိုလှုံနေကြတာဖြစ်ပါတယ်။

 

#voiceofmyanmar#မြောက်ဦး#ရမ်းချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW