ဒုံဟီးမြို့ အတွက် သောက်သုံးရေလုံလောက်စွာ ရရှိရေး လွှတ်တော်အတွင်းမေးခွန်းထုတ်

ဒုံဟီး ဖေဖော်ဝါရီ ၂၇-၂၀၁၉

မိုင်ချယ်ရီ (VOM)

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့ပေါ်နေ ပြည်သူများ စိမ့်စမ်းရေမှ တဆင့် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေး နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မေးခွန်းထုတ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က “လူသားတွေ အသက်ရှင်သန်ဖို့ ရေဟာ မရှိမဖြစ် အရေးကြီးဆုံးသော အရာဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဒုံဟီးမြို့ပေါ်မှာ ရှိတဲ့ ပြည်သူအများစုကတော့ ဒီနေ့အချိန်ထိ သောက်သုံးရေကို လက်ယက်တွင်းလေးတွေကပဲ ခပ်ယူကြပြီးတော့ ချွေတာပြီး အသုံးပြုကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြို့ရဲ့တစ်ဖက်တစ်ချက် မှာ ချောင်းမကြီး နှစ်ချောင်း ရှိပေမယ့် မြို့ရဲ့ တည်နေရာက အမြင့်ပိုင်းမှာ တည်ရှိနေတာ ဖြစ်လို့ ချောင်းမကြီးကနေ ရေသွယ်ယူလို့ မရပါဘူး။ ဒုံဟီးမြို့ပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူများ အားလုံး သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေးအတွက် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်” လို့ ပြောပါတယ်။

 

ဒုံဟီးမြို့တွင် ရပ်ကွက် (၃) ရပ်ကွက် အိမ်ခြေ ၂၀၀ နဲ့ လူဦးရေ ၁၅၀၀ ၀န်းကျင် နေထိုင်ကြပါတယ်။ ဒီပြည်သူတွေ သောက်သုံးရေ လုံလောက်အောင် အသုံးပြုနိုင်ဖို့ ဆိုပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ မြို့နဲ့ ၇ မိုင်လောက် ကွာဝေးတဲ့ နေရာကနေ စိမ့်စမ်းရေ သွယ်ယူပေမယ့် မိုးတွင်းကာလဆိုရင် ရပ်ကွက် (၂)ခု ကပဲ ရေရပြီး နွေရာသီ နဲ့ ဆောင်းရာသီဆိုရင် ရပ်ကွက်အားလုံး သောက်သုံးရေ ရှားပါးတာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

 

ဒီပြသနာကို ဖြေရှင်းပေးနိုင်ဖို့ ဆိုရင် “လက်ရှိ လူဦးရေ အိမ်ခြေ အခြေအနေနဲ့ ရေလုံလောက်မှု ရှိမရှိ လိုအပ်ချက်နဲ့ ရေရှိနိုင်မယ့် အရင်းအမြစ် စုဆောင်းရရှိနိုင်မယ့် ပမာဏ ဖြစ်နိုင်ချေတို့ကို လွှတ်တော် ကိုယ်စာလှယ် အပါအ၀င် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများက ကွင်းဆင်းစီစစ် တင်ပြလာမှု အပေါ်မှာ အခြေခံပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရံပုံငွေ စီစစ်မှု ထောက်ခံတင်ပြလာမယ်ဆိုရင် နယ်စပ်ဒေသဖွံ့ဖြိုးရေး တတိယ ငါးနှစ် စီမံကိန်းမှာ အဆိုပြု ထည့်သွင်းလျာထား ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လွှတ်တော်ကိုယ်စားလှယ်ရဲ့  မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW