အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ သဘောတူချက်မရဘဲ ပြီးဆုံး

ဟနွိုင်း၊ ဖေဖော်ဝါရီ-၂၈

မျိုးဆက်( VOM)

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ နှစ်ရက်ကြာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ၎င်းတို့ နှစ်ဦးအကြား သဘောတူညီချက်တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးသွားတယ်လို့ အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

 

ဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန်တို့ဟာ အလွန်ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အိမ်ဖြူတော်ရဲ့ သတင်းမီဒီယာဆိုင်ရာတာဝန်ခံ ဆာရာဆန်ဒါက ကြေညာချက်မှာ ပြောဆိုပါတယ်။

 

နျူကလီးယားစွန့်လွှတ်ရေးနဲ့ စီးပွားရေးတိုးတက်ရေး တိုးတက်ရေးတွေနဲ့ပတ်သက်ပြီး နည်းလမ်းများစွာကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ယခုအကြိမ်ဆွေးနွေးမှုမှာတော့  သဘောတူညီချက်မရရှိခဲ့ဘူးလို့ ၎င်းကပြောပါတယ်။ ဒါပေမယ့် ၎င်းတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေက နောက်ထပ်ဆွေးနွေးပွဲတွေ အတွက် ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ ဆာရာဆန်ဒါကဆိုပါတယ်။

 

ထရန့်နဲ့  ကင်ဂျုံအန်တို့ဟာ နံနက်ပိုင်းတံခါးပိတ်အစည်းအဝေးပြီးနောက် သဘောတူညီချက်တစ်စုံတစ်ရာကို လူသိရှင်ကြား လက်မှတ်ရေးထိုးခြင်းမရှိဘဲ ဒေသစံတော်ချိန်နေ့လည် ၁ နာရီ ၂၅ မိနစ်မှာ မက်ထရိုပိုလီဟိုတယ်ကနေ ထွက်ခွာခဲ့ကြပါတယ်။

 

၎င်းတို့ရဲ့ ဆွေးနွေးမှုအပြီးမှာ အလုပ်သဘောနေ့လယ်စာစားဖို့ စီစဉ်ထားတာကိုလည်း နောက်ဆုံးမိနစ်မှာ အစီအစဉ်ကနေ ပယ်ဖျက်လိုက်ပြီး နေ့လည် နှစ်နာရီမှာ ပြုလုပ်မယ့် ၎င်းရဲ့သတင်းစာရှင်းလင်းပွဲသို့ ဒေါ်နယ်ထရန့် သွားရောက်ခဲ့ပါတယ်။

 

ထရန့်နှင့် ကင်ဂျုံအန်တို့ ဆွေးနွေးပွဲစားပွဲဝိုင်းမှာ  အစောပိုင်းက တွေ့ဆုံကြရာမှာတော့ ဆွေးနွေးမှု တိုးတက်အောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေထွက်ပေါ်ခဲ့ပါတယ်။ မိမိအနေနဲ့ နျူကလီးယားစွန့်လွှတ်ရေး ဆန္ဒမရှိဘူးဆိုရင် ယခုဆွေးနွေးပွဲသို့ လာစရာအကြောင်းမရှိဘူးလို့ နျူးကလီးယား စွန့်လွှတ်ရေး အဆင့်သင့်ရှိမရှိ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ကင်ဂျုံအန်က စကားပြန်မှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

ကင်ဂျုံအန်ထံမှ မိမိကြားခဲ့ရသမျှစကားထဲမှာ  အကောင်းဆုံးအဖြေတစ်ခုဖြစ်တယ်လို့ ကင်ဂျုံအန်ရဲ့ ပြောစကားနဲ့ပတ်သက်လို့ သမ္မတထရန့်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ကင်ဂျုံအန်က ဆန္ဒရှိနေပြီး မိမိတို့အနေနဲပ ဒီိလို ရုပ်သိမ်းမပေးနိုင်သေးဘူးလို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ကပြောပါတယ်။

 

Ref : CNA

Photo : NDTV

 

#voiceofmyanmar#ထရန့်#ကင်ဂျုံအန်#အမေရိကန်နဲ့မြောက်ကိုရီးယား#ဗီယက်နမ်#ဟနွိုင်း

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW