လွှတ်တော်ကိုယ်စားလှယ်တွေကို အစိုးရက မထီမဲ့မြင်လုပ်နေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေပြော

စစ်တွေ၊ မတ် ၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုတွေနဲ့ ကတိကဝတ်ပြုထားတဲ့ မေးခွန်းတွေအပေါ်မှာ အစိုးရလိုက်နာမှုမရှိသလို အကောင်အထည်ဖော်ဆောင်ရွက်ပေးတာတွေ မရှိသလောက်ဖြစ်နေ တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

 

ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီးတာ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို အစိုးရကအခုလိုမျိုး ဆောင်ရွက်ပေးခြင်း မရှိတာဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မထီမဲ့မြင်လုပ်နေတာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။

 

“ရခိုင်လူမျိုးတွေရဲ့ ဒေဖွံ့ဖြိုးရေး၊ စီးပွားရေးတွေ တိုးတက်လာဖို့အတွက် ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုတွေ မေးခွန်းအများကြီးမေးခဲ့ပါတယ်။ လွှတ်တော်ထဲမှာ အားကြိုးမာန်တက်ဆွေးနွေးခဲ့ ကြတဲ့ အဆိုတွေကို အခုအချိန်ထိ အစိုးရကလိုက်နာဆောင်ရွက်ပေးဖို့ နေနေသာသာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မထီမဲ့မြင်လုပ်သလိုဖြစ်လာပါတယ်။”လို့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောပါတယ်။

 

လွှတ်တော်သက်တမ်း သုံးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတဲ့အစိုးရကို တိုက်တွန်း ကြောင်း အဆိုတွေထဲက ၄၀ နီးပါးလောက် အောင်မြင်ခဲ့ပေမယ့် အဲဒီအဆိုတွေအပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာမတွေ့ရသေးဘူးလို့ဆိုပါတယ်။

 

“ကျွန်တော်တို့ အဆိုတင်ချင်တာတင်။ ပြည်နယ်အစိုးရကလည်း လုပ်ချင်တာလုပ်တယ်ဆိုတဲ့သဘော သက်ရောက်လာပါ တယ်။ ကျွန်တော်တို့က အဆိုတွေနဲ့တိုက်တွန်းလို့သာ တိုက်တွန်းနေရတာ။ အစိုးရကလုပ်ပါ့မလားဆိုပြီး စဉ်းစားဖို့လိုနေ တယ်။ ကျွန်တော်တို့က အားကြိုးမာန်တက်နဲ့ မှတ်တမ်းမှတ်ရာတွေလုပ်တယ်။ အစိုးရကလည်း လေးစားလိုက်နာပြီး လုပ်စေချင်ပါတယ်။”လို့ ဦးဦးသန်းနိုင်ကပြောပါတယ်။

 

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်မှာ အစိုးရက ဆောင်ရွက်နေတာတွေဟာ ဌာနဆိုင်ရာတွေရဲ့ အဆောက်အအုံတွေကို ဦးစားပေးဆောင်ရွက်နေတာဖြစ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးတာ အားနည်းနေကြောင်းနဲ့ ဌာနဆိုင်ရာတွေက တင်ပြတောင်းခံတာတွေနဲ့ လွှတ်တော်မှာ ကတိကဝတ်ပြုထားတာတွေကို ထိန်းညှိပြီးတော့ လုပ်ပေးဖို့လိုအပ်တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောပါတယ်။

 

“အဆို ဆိုတာက ဥပဒေ အသေးစားတစ်ခုဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုတစ်ခုကို အတည်ပြုလိုက်တယ်ဆိုရင် အစိုးရက အကောင်အထည်ဖော်ရမယ့်တာဝန်ရှိပါတယ်။ လက်ရှိမှာတော့ ပြည်နယ်အဆင့်မှာ မေးခွန်းတွေနဲ့ပတ်သက်လို့ အစိုးရက တိတိကျကျ ကတိကဝတ်ပေးတာတွေကို မတွေ့ရဘူး။ အစိုးရကရေးဆွဲတဲ့ စီမံကိန်းတွေမှာလည်း မြို့နယ်အဆင့်က တင်ပြလာတဲ့ လုပ်ငန်းတွေကိုပဲ ထည့်သွင်းရေးဆွဲထားတာကို တွေ့နေရတယ်။ ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တွရဲ့ မေးခွန်းတွေနဲ့ အဆိုတွေကို ဥပက္ခာပြုရာကျပါတယ်”လို့ ဦးအောင်ဝင်းက ပြောပါတယ်။

 

ဒါ့အပြင် ပြည်သူတွေကိုယ်စား ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေကို မြန်မြန်ဆန်ဆန် အလုပ်အကျွေးပြုဖို့ တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW