မန္တလေး၊ မတ် ၂-၂၀၁၉
ဟိန်းကို+မောင်တာရာ(VOM)
အကျဉ်းကျခံ တောင်သူတွေ လွတ်မြောက်ရေးနဲ့ ဖိနှိပ်ခံတောင်သူတွေအတွက် လယ်ယာမြေသိမ်းဆည်းခံတောင်သူတွေ က ဒီနေ့မနက်က မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီး တောင်သူ ၁၀၀နီးပါးနဲ့ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန် တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ချုပ်ရုံး မန္တလေးတိုင်းဥက္ကဌ ကိုလင်းထင်စိုး က
“ဒီနေ့က တောင်သူလယ်သမားနေ့ဆိုပြီး သက်မှတ်ခံရတဲ့နေ့ဖြစ်တယ်၊ အမှန်ဆိုရင် ဒီနေ့ဟာ မတ်၂ရက် ၁၉၆၂ခုနှစ် ဦးနေ၀င်း ဟာ အာဏာသိမ်းပြီး ပြည်သူလူထုကို မတရားသဖြင့်အုပ်ချုပ်ခဲ့တာ နှစ်ပေါင်း၅၇နှစ်ပြည့်တဲ့ နေ့တနေ့ဖြစ်တယ် ကျွန်တော်တို့ တောင်သူလယ်သမားတွေက မတရားဖိနိုပ်ချုပ်ချယ်ခံရတယ် ၊ မတရားသဖြင့်ထောင်တွင်းအကျဉ်းချခံရတယ်၊ မတရားသဖြင့်တရားစွဲဆိုခံနေရတယ် ဒါတွေနဲ့ပက်သက်ပြီးတောင်သူလယ်သမားတွေရဲ့ဒုက္ခကို ပြေပျောက်စေဖို့အတွက် ဘုရားကိုလာရောက်ပြီး ဆုတောင်းပွဲပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ပြောပါတယ်။
အဲဒီ ဆုတောင်းပွဲကို မန္တလေးတိုင်းအတွင်းက ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊စဥ့်ကိုင်မြို့နယ်၊သပိတ်ကျင်းမြို့နယ်၊ မတ္တရာမြို့ နယ်တွေက မှ တောင်သူလယ်သမားတွေ အပြင် စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်က လယ်ယာမြေသိမ်းဆည်းခံ တောင်သူတွေလည်းပူးပေါင်းပါဝင်တာကိုတွေ့ရပါတယ်။
အကျဉ်းကျခံတောင်သူလယ်သမားတွေ လွတ်မြောက်စေရေးအတွက် ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ တောင်သူတွေက မဟာမုနိဘုရားကြီးမှာ ဝတ်ပြုဆုတောင်းပြီး ဘုရားကြီးအတွင်းရှိ ငါးကန်မှာ ငါး ၅၇ ကောင်ကိုလွှတ်ကာ ငါးစာ ၅၇ ခြင်း ကျွေးမွေးကုသိုလ်ပြု လုပ်ခဲ့ပါတယ်။
အကျဉ်းကျခံ တောင်သူတွေ ကို အစိုးရအနေနဲ့ အမြန်ဆုံးလွှတ်ပေးသင့်ပြီး သိမ်ဆည်းခံလယ်ယာမြေ ပြဿနာတွေကိုလည်း အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်း တက်ရောက်လာတဲ့ တောင်သူတွေက ပြောပါတယ်။
#voiceofmyanmar#ဝတ်ပြုဆုတောင်းပွဲ#အဖိနှိပ်ခံတောင်သူ#မန္တလေး#စစ်ကိုင်း#မဟာမုနိဘုရား