တောရိုင်းတိရစ္ဆာန်များဆိုင်ရာ ရာဇဝတ်မှုတွေဟာ မဟာမဲခေါင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲတွေအပေါ် ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိနေ

ရန်ကုန်၊  မတ်လ ၅-၂၀၁၉

TGH( VOM)

 

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမဝင်ရောင်းဝယ် ဖောက်ကားနေမှုဟာ  မြန်မာနိုင်ငံနဲ့ မဟာမဲခေါင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးဖြစ်နေတယ်လို့  ဥရောပသမဂ္ဂကနေ ယနေ့ ထုတ်ပြန်လိုက်တဲ့ “ကျားထက်သာလွန်၍” အစီရင်ခံစာအရသိရပါတယ်။

 

အဆိုပါဒေသအတွင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့  ဇီဝမျိုးစုံမျိုးကွဲပေါင်း ၇၉၅ စိတ်ရှိပြီး ၎င်းတို့အနက် မျိုးစိတ်ပေါင်း ၁၂၃ စိတ်ဟာ အလွန်အကျွံအမဲလိုက်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း အန္တရာယ်တွေကြားမှာ ကျရောက်နေတယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က “ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို မျိုးသုဉ်းမပျောက်ကွယ်အောင် ကာကွယ်စောင့်ရှောက်သွားဖို့ ဥရောပသမဂ္ဂက သန္နိဋ္ဌာန်ချထားတယ်။ မြန်မာ့သစ်တောတွေနဲ့ တောကောင်တွေဟာ အမဲလိုက်သတ်ဖြတ်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးကျဆင်းလာမှုတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားနေတာတွေကို ချက်ချင်းရပ်တန်းကရပ်အောင် ဆောင်ရွက်ပေးဖို့တွေ ကူညီမယ်၊ အခု ဒီအစီရင်ခံစာက တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမဝင်ရောင်းဝယ်ဖောက် ကားနေတာတွေကို တားဆီးပစ်ချင်တဲ့ လူတိုင်းရဲ့ရင်ထဲကတောင်းဆိုနေတဲ့အရာကို ပိုပြီးခိုင်မာ အားကောင်းအောင် လုပ်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ယနေ့ပွဲမှာ ပြောခဲ့ပါတယ်။

 

ယနေ့ရန်ကုန်မြို့မှာ  မိတ်ဆက်ခဲ့တဲ့ “ကျားထက်သာလွန်၍” ပွဲဟာဆိုရင် အာရှဒေသအတွင်း နိုင်ငံတွေ ပေါင်းစုကာ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ချဉ်းကပ်မှုအတွက်  လမ်းပြမြေပုံ တစ်ခုသဖွယ်ဖြစ်စေမဲ့ ကနဦးလေ့လာမှုတစ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဘေးမဲ့ကန့်သတ်ထားတဲ့နေရာတွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်မှာ  အမဲလိုက် သတ်ဖြတ်မှုတွေကို တွေ့ရှိနေရတယ်လို့လည်း ဆိုပါတယ်။ နေါက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသမဂ္ဂ (IUCN) Red List နောက်ဆုံးအစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ ဘေးအန္တရာယ်ကျရောက်နေတဲ့ သတ္တဝါမျိုးစိတ်ပေါင်း ၃၃၁ မျိုးရှိတယ်လို့သိရပါတယ်။

 

အဲ့ဒီ ထဲမှာ ငှက်မျိုးစိတ်များ၊ မျောက်ဝံများ၊ နွားလားများ၊ အာရှဆင်၊ Eld မျိုးစိတ်သမင်များ၊ ရေချိုလိပ်များ၊ သင်းခွေချပ်များနဲ့ ကျားမျိုးစိတ်တွေ ပါဝင်နေပါတယ်။

 

ကမ္ဘာပေါ်ရှိ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ ဈေးကွက်ကြီးတွေဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်တို့နဲ့အတူ မဟာမဲခေါင် ဒေသတွင်း နိုင်ငံတွေက တရားမဝင်တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ သယ်ယူပို့ဆောင်ရာ၊ ရောင်းဝယ်ဖောက်ကားရာ ဈေးကွက်ကြီးတစ်ခုအဖြစ် ဖြစ်တည်လျက် ရှိတယ်လို့လည်းသိရပါတယ်။

 

တရားမဝင်တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ရောင်းဝယ်ဖောက်ကားမှုမှာ တိုင်းရင်းရိုးရာဆေး  ဖော်စပ်ရာ၌အသုံးပြုတဲ့အပင်နဲ့တိရစ္ဆာန်မျိုးစိတ်၊ထူးခြားဆန်းပြားတဲ့ အစားအစာတွေ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ ၊ရှားပါးအိမ်မွေးတိရစ္ဆာန်ကုန်သွယ်မှု  အစရှိတဲ့ အပင်နှင့်တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၀၀၀ ကျော်ပါဝင်နေပါတယ်။

#voiceofmyanmar#ဥရောပသမဂ္ဂသံအမတ်ကြီး#တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း

Related posts

Leave a Comment

VOM News

FREE
VIEW