AA နဲ့ အစိုးရတပ်တိုက်ပွဲတွေကြောင့် လေးမြို့မြစ်အထက်ပိုင်းကျေးရွာသားတွေ ထွက်ပြေး

မြောက်ဦး၊ မတ် ၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အတွင်း ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ ညနေပိုင်းကစတင်ပြီးတော့ အစိုးရတပ်နဲ့AA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသုံးရွာက ဒေသခံတွေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

 

အဲ့ဒီတိုက်ပွဲဟာ မြောက်ဦးမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့နေရာမှာဖြစ်ပွားနေတာဖြစ်ပြီး လေးမြို့မြစ် အရှေ့ဘက်ခြမ်းက မော်ရွာဟောင်းနဲ့ အနောက်ဘက်ခြမ်းက ဘုရားကြီးကျေးရွာတို့ကို အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွား နေကြတာဖြစ်ပါ တယ်။

 

“တိုက်ပွဲက မနေ့ညနေ ၇ နာရီခွဲလောက်ကနေ စပြီးဖြစ်ကြတာပါ။ ဘုရားကြီးနားမှာဖြစ်တယ်။ နောက်ပြီးတော့ ဘုရားကြီးနဲ့မော်ရွာဟောင်း မြစ်တစ်ဖက်တစ်ကမ်းပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတော့ ကြောက်ပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။”လို့ မော်ရွာဟောင်း ကျေးရွာသားတစ်ဦးကပြောပါတယ်။

 

မြစ်ရဲ့အရှေ့ဘက်ခြမ်း မော်ရွာဟောင်းကျေးရွာမှာ AA ဘက်ကရှိနေပြီး အနောက်ဘက်ခြမ်း ဘုရားကြီးကျေးရွာမှာ မြန်မာတပ်တော်ဘက်ရှိနေကာ အပြန်အလှန်ပစ်ခတ်နေကြတာဖြစ်ပါတယ်။

 

“လောလောဆယ်တော့ ကျွန်တော်တို့က တိုက်ပွဲနဲ့နည်းနည်းဝေးတဲ့ စင်္ဘောကိုင်းကိုရောက်နေပါတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲမသိဘူး။ ထွက်ပြေးလာခဲ့ကြတာက ဘုရားကြီး၊ မော်ရွာသစ်၊ မော်ရွာဟောင်းရွာသားတွေပြေးလာ ခဲ့ကြတာပါ။ လူဦးရေ ၁၅၀၀ လောက်ရှိနိုင်ပါတယ်။”လို့ အဲ့ဒီရွာသားကပြောပါတယ်။

 

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လေးမြို့မြစ်အတွင်း သွားလာနေတဲ့ မော်တော်ဘုတ်တစ်စီးနစ်မြုပ်သွားခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပါတယ်။

နောက်ထပ်ကျေးရွာတစ်ရွာဖြစ်တဲ့ လေးမြို့မြစ်ကြောင်းအတွင်းက အထက်လေညှင်းတောင်ကျေးရွာသား ၅၀၀ လောက်ဟာ လွန်ခဲ့တဲ့နှစ်ရက်လောက်က တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင် နေကြတာဖြစ်ပါတယ်။

Photo – Kyaw Than

#voiceofmyanmar#လေးမြို့မြစ်အထက်ပိုင်း#ရခိုင်ပြည်#AA#အစိုးရတပ်မတော်

 

Related posts

Leave a Comment

VOM News

FREE
VIEW