ရိုဟင်ဂျာတွေ ရခိုင်ပြန်ရင် ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ကမ်းလှမ်း

ကော့ဘဇား၊ မတ်-၆

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ပြန်မယ်ဆိုရင် ဒုက္ခသည်တိုင်းကို အမေရိကန်ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ ရိုဟင်ဂျာမူဆလင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ကမ်းလှမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးနဲ့ ဒုက္ခသည်ခေါင်းဆောင်တွေက မတ် ၅ ရက်မှာ ပြောပါတယ်။

 

တရုတ်နိုင်ငံရဲ့  အာရှရေးရာ အထူးသံတမန် Sun Gouxiang ဟာ မတ်လ ၃ ရက်နေ့က ကော့ဘဇားက ကူတူပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၄ ဦးတို့ကို တွေ့ဆုံခဲ့တယ်လို့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာ လူ့အဖွဲ့အစည်း (ARSPH) ရဲ့ အတွင်းရေးမှူး Syed Ullah ပြောပါတယ်။

 

ဒေါ်လာ ၅၀၀၀ ကနေ ၆၀၀၀ အထိပေးမယ်ဆိုရင် ရခိုင်ပြည်နယ်ကို ပြန်မလား မပြန်ဘူးလားဆိုပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့က မေးမြန်းခဲ့တယ်လို့ Syed Ullah က BenarNews သတင်းဌာနကို ပြောပါတယ်။

 

ဒါပေမယ့် အဆိုပါ ကမ်းလှမ်းချက်ကို မိမိတို့အနေနဲ့ ငြင်းပယ်လိုက်ပြီး ရိုဟင်ဂျာမှတ်ပုံတင်နှင့် အခြားတောင်းဆိုထားတာတွေနဲ့အတူ နိုင်ငံသားဖြစ်ခွင့်မရဘူးဆိုရင် ရခိုင်ပြည်နယ်သို့ ပြန်ရန်အကြောင်းမရှိဟု အခိုင်အမာ ပြောဆိုခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

 

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေရဲ့  နေအိမ်တွေ ပြန်ဆောက်ရေး ကူညီဖို့ ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ တရုတ်ကိုယ်စားလှယ်အဖွဲ့က ကမ်းလှမ်းခဲ့တယ်လို့ ရိုဟင်ဂျာတွေနဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ တစ်ဦးကလည်း BenarNews သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

 

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး BenarNews သတင်းဌာနက ဒါကာမှာရှိတဲ့ တရုတ်သံရုံးကို အီးမေးလ်ပို့ပြီး မှတ်ချက်တောင်းခံပေမယ့် တုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။

 

Ref: RFA

Photo : BenarNews

Related posts

Leave a Comment

VOM News

FREE
VIEW