ထိုင်းဘုရင်ရဲ့အစ်မတော်ကို ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းတင်တဲ့ ပါတီ ဖျက်သိမ်းခံရ

ဘန်ကောက်၊ မတ်-၈-၂၀၁၉

မျိုးဆက်(VOM)

မတ်လ ၂၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ထိုင်းဘုရင်ရဲ့ အစ်မတော် ဥဘောရတနာကို ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ Thai Raksa Chart ပါတီကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက မတ် ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ဖျက်သိမ်းလိုက်ပါတယ်။

 

အဆိုပါ ပါတီဟာ ဘုရင်ရဲ့အစ်မတော်ကို ကို ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းသွင်းပြီး ထိုင်းတော်ဝင်မိသားစုရဲ့ ပုံရိပ်နဲ့ နိုင်ငံရေးအားသာချက်ရရှိအောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက တရားသူကြီးတစ်ဦးက ပြောပါတယ်။

 

Thai Raksa Chart ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ယင်လပ်တို့ရဲ့ ပါတီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားပြီး ယခုလိုအရေးယူခံရတာကြောင့် ပါတီရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်တွေကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ပြီး ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်လို့မရတော့ပါဘူး။

 

ပါတီကို ဖျက်သိမ်းလိုက်တဲ့အတွက် အလွန်မကျေမနပ်ဖြစ်တယ်လို့ Thai Raksa Chart ပါတီခေါင်းဆောင် Preechapol Pongpanit ကသတင်းထောက်တွေကိုပြောကြားခဲ့ပြီး ဒါဟာ ပါတီကို ဖျက်သိမ်းရုံတင်မဟုတ်ဘဲ လူတွေရဲ့ အခြေခံအခွင့်အရေးတွေကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။

 

အဆိုပါ ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် မကြာမီကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတွေ အနိုင်ရရှိဖို့ ပိုမိုခက်ခဲသွားစေတယ်လို့ လေ့လာစောင့်ကြည့်သူများ ကသုံးသပ်ပြောဆိုပါတယ်။

Ref : Straits Time Photo : CGTN

 

#voiceofmyanmar   #ထိုင်းပါတီဖျက်သိမ်းခံရ #နိုင်ငံတကာသတင်း #သက်ဆင် #ယင်လတ်

 

Related posts

Leave a Comment

VOM News

FREE
VIEW