ဒ်ါအောင်ဆန်းစုကြည်ရဲ့ မုံရွာခရီးစဉ်မှာ တိုင်ကြားစာပေါင်း သုံးရာနီးပါး ရရှိခဲ့သလို လက်ပံတောင်း ဒေသခံတွေကလည်း ဆန္ဒထုတ်ဖော်ခဲ့

ိ

မုံရွာ မတ် ၈-၂၀၁၉
မောင်တာရာ(VOM)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မုံရွာခရီးစဉ်မှာ တိုင်ကြားစာပေါင်း သုံးရာနီးပါး ရရှိခဲ့သလို လက်ပံတောင်းဒေသခံတွေအနေနဲ့လည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဆုံးမပေးဖို့  မုံရွာမြို့တော်ခန်းမရှေ့မှာ ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တိုင်ကြားစာတွေနဲ့ ပတ်သတ်လို့ ”လောလောဆယ် အစောင် ၃၀၀ လက်ခံရရှိထားတယ်။ ဘယ်လို တိုင်စာတွေများလဲဆိုတာကတော့ ကျွန်တော်တို့လည်း ဖောက်ဖွင့်မကြည့်ရတဲ့ အတွက် မသိရသေးပါဘူး။တိုင်ကြာစာတွေ ကိုစနစ်တကျစာရင်းပြုလုပ်ပြီး အတိုင်ပင်ခံရုံး ကိုလွှဲပြောင်းပေးသွားမှာပါ “လို့ တိုင်စာဌာနမှာ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းတစ်ဦးကပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်မုံရွာခရိးစဉ်အတွင်း တိုင်စာလက်ခံနေစဉ်

လာရောက်တိုင်းကြားတဲ့ တိုင်ကြားစာတွေထဲမှာ မုံရွာမြို့ခံတွေအပြင် အခြားနယ်က လာရောက် တိုင်ကြားတဲ့ တိုင်ကြားစာတွေလည်း ရှိပါတယ်။ အဲဒီ တိုင်ကြားစာ ၃၀၀ ကျော်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးကို ချက်ချင်းလွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

မုံရွာမြို့တော် ခန်းမမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲ အပြီးမှာလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဖြေရှင်းမှုမရှိတဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဆုံးမပေးဖို့  အတွက် လက်ပံတောင်း ဒေသခံတွေက ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါသေးတယ်။ အဲ့လိုဆန္ဒထုတ်ဖော်ရတာနဲ့ ပတ်သက်ပြီး လက်ပံတောင်းဒေသခံ မသွဲသွဲ့ဝင်း ပြောပြတာက

”အမေစု ကို လက်ပံတောင်းဒေသကို လာစေချင်တယ် ကြည့်စေချင်တယ်။ အမေစုကို ဌာနဆိုင်ရာတွေက ဝိုင်းပြီး လိမ်နေတယ် “လို့ ဆိုပါတယ် ။

အဲလို တောင်းဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က

”လက်ပံတောင်းတောင်ကိစ္စဟာ ရှည်ပါပြီ ရှည်တာဟာ ဒီကိစ္စမပြတ်တာ မပြတ်ချင်စေတဲ့သူရှိလို့ပါ အားလုံးက ဒီကိစ္စကို ပြတ်စေချင်နေတယ်၊ အဓိက အားဖြင့် အားလုံးညှိနှိုင်းပြီး အဖြေရှာဖို့ လိုပါတယ်။အဖြေရှာဖို့ဆိုတာလည်း နှစ်ဖက်စလုံးက လုပ်ရမှာ။ တစ်ဖက်ထဲ လုပ်ရမှာမဟုတ်ဘူး အချို့ တွေကတော့ညှိနှိုင်းပြီးတော့ အဖြေရှာပြီး ပြတ်သွားတယ်။ အခုထက်ထိ မပြတ်သေးတဲ့ သူတွေကလည်း ရှိတယ်။ ပြောချင်တာရှိတာတွေကို ရေးပြီးတော့ တင်ပါ။ တိုင်းအစိုးရကနေ တဆင့် ဗဟိုကို မိတ္တူပေးလို့ ရပါတယ် အဲဒါကို ကျွန်မတို့ ပြန်ကြည့်ပါမယ် ဒါပေမဲ့ ပြဿ နာတစ်ခု ဖြေရှင်းဖို့ဆိုတာ နှစ်ဖက်စလုံးက ပြေလည်စေချင်တဲ့စိတ်ရှိမှ ဖြေရှင်းနိုင်မယ်ဆိုတာ သတိထားစေလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#Voiceofmyanmar #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် #မုံရွာခရီးစဉ် #ဒေါ်အောင်ဆန်းစုကြည် #လက်ပံတောင်း #သွဲ့သွဲ့ဝင်း

Related posts

Leave a Comment

VOM News

FREE
VIEW