တိုက်ပွဲဖြစ်ပွားတာထက် စစ်သားတွေကိုကြောက်ပြီး ရွာကထွက်ပြေးလာခဲ့ရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေပြော

မြောက်ဦး၊ မတ် ၂၀-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ နေ့စဉ်တိုးပွားလာနေပြီး စစ်ဘေးရှောင်အများစုတို့ဟာ စစ်ပွဲဖြစ်ပွားတာထက် စစ်သာားတွေကိုကြောက်ရွံ့ပြီး ထွက်ပြေး လာခဲ့ကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်ကျေးရွာသားတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတွက် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဦးရေဟာ မတ်လအတွင်းမှာ ၂၀၀၀၀ လောက်အထိ များပြားလာ နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့က အစိုးရစစ်သားကိုကြောက်ပြီးထွက်ပြေးကြတာပါ။ သူတို့က လူတွေကိုဖမ်းခေါ်တယ်။ လူတွေကိုမတရား ဖမ်းခေါ်တယ်။ စွပ်စွဲတယ်။ နောင့်ယှက်တယ်။ အဲ့ဒါကြောင့် ထွက်ပြေးလာကြတာပါ။ သူတို့ဟာနဲ့သူတို့ တိုက်ပွဲဖြစ်နေရင် ရွာသူရွာသားတွေ ပြေးမှာမဟုတ်ဘူး။”လို့ မော်ရွာဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ချေကပြောပါတယ်။

ဒါ့အပြင် အခုလိုမျိုး ကျေးရွာသားတွေနေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် အခက်အခဲတွေရှိလာနေပြီး ကိုယ့်ရပ်ကိုယ့် ရွာကို စွန့်ခွာသားလာနေမှုမှာ တာရှည်အတွက် မဖြစ်နိုင်တာကြောင့် အမြန်ဆုံးငြိမ်းချမ်းမှုရရှိဖို့လိုအပ်ကြောင်း စစ်ဘေး ရှောင်တွေကပြောပါတယ်။

“လူတွေကတော့ နေ့တိုင်းရောက်လာကြတာပဲ။ ပစ်ခတ်သံတွေလည်း အမြဲလိုလိုကြားနေရတယ်။ ဘယ်နေရာမှာပစ်နေ တယ် ဆိုတာတော့ မသိဘူး။ ဒီတိုင်းဆိုရင် နောက်ထပ်လည်းထွက်ပြေးလာကြမှာပါ။ ပစ်ခတ်သံတွေရပ်စဲသွားမယ်။ အစိုးရကလည်းနေရာချပေးမယ်ဆိုရင် ကျွန်တော်တို့ပြန်နိုင်မှာပါ။”လို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင် ဦးခင်မောင်ကြည်က ပြောပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာလည်း ပစ်ခတ်မှုတွေပြင်းထန်နေတဲ့အတွက် ဒေသခံကျေးရွာသားတွေဟာ ထပ်မံပြီးတော့ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW