ဘင်္ဂလားဒေ့ရှ်မှာ သေနတ်သမားတွေပစ်ခတ်လို့ ရွေးကောက်ပွဲကော်မရှင်အရာရှိ ခုနှစ်ဦးသေဆုံး

 

ဒါကာ၊ မတ်-၂၀ ၊ ၂၀၁၉

မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မဲပုံးတွေသယ်ဆောင်ပြီး မဲရုံကထွက်ပေါ်လာတဲ့ ကားနှစ်စီးကို သေနတ်သမားတွေက ပစ်ခတ်တာကြောင့် ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူ ခုနှစ်ဦးသေဆုံးသွားပြီး လူ ၁၅ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုဟာ ဘက်ဟိုင်ချာရီဒေသမှာ မတ် ၁၈ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားတွေဟာ ကားလေးစီးပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေဟာ ဆန္ဒမဲတွေကို ရေတွက်ပြီးနောက် မဲရုံတစ်ရုံကနေ ပြန်လာချိန်မှာ ဒီလို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အပြင်းအထန် ဒါဏ်ရာရရှိသူ ၁၁ ဦးကိုတော့ စစ်ဘက်ရဟတ်ယာဉ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲက မတ် ၁၉ ရက်အစောပိုင်းက ပြောပါတယ်။ ခရိုင်ကိုယ်စားပြု ကိုယ်စားလှယ်တွေရွေးချယ်တဲ့ ရွေးကောက်ပွဲတွေကို မတ် ၁၈ ရက်မှာ ကျင်းပခဲ့ပြီး အတိုက်အခံပါတီတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတာဖြစ်ပြီး အာဏာရပါတီတစ်ခုတည်းက သာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တိုက်ခိုက်မှုကို ဘယ်အဖွဲ့က ကျူးလွန်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲတွေကို ဆန့်ကျင်တဲ့သူတွေက ဒီတိုက်ခိုက်မှုကို စီစဉ်လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ အဲဒီဒေသဟာ လက်နက်ကိုင် လူမျိုးစု အဖွဲ့အချို့လည်း လှုပ်ရှားနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

Ref : Press TV Photo : AP

#voiceofmyanamr #နိုင်ငံတကာသတင်း #ဘင်္ဂလားဒေ့ရှ် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW