စစ်ဘေးရှောင်တွေထဲကတချို့ဟာ  စခန်းတွေမှာ နှစ်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေပြော

စစ်တွေ၊ မတ် ၂၄-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေထဲက ဝေးလံခေါင်ဖျားတဲ့ တောတောင်ကြားက ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နှစ်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေဟာ ရခိုင်တိုင်းရင်းသားတွေအပါအဝင် ရခိုင်မျိုးနွယ်စုဝင်တွေဖြစ်တဲ့ မြို့၊ ခမီစတဲ့ မျိုးနွယ်စုတွေ ဖြစ်ကြပြီး အဲ့ဒီဒေသခံတွေဟာ တောင်ပေါ်ဒေသတွေမှာ နေထိုင်နေကြသူတွေဖြစ်တဲ့အတွက် လက်ရှိအခြေအနေအရ နေရပ်ပြန်ဖို့ အခွင့်အရေးနည်းပါးနေတာဖြစ်ပါတယ်။

“အခုကျွန်တော်တို့ စစ်တမ်းတွေကောက်နေတယ်။ စစ်ဘေးရှောင်တွေအားလုံးကတော့ လိုအပ်ချက်တွေရှိနေကြတာကို တွေ့ရတယ်။ အဲ့ဒီမှာ ကျွန်တော်တို့အဖွဲ့ကလုပ်နေတာက စစ်ဘေးရှောင်တွေကို အုပ်စုသုံးစုခွဲလိုက်တယ်။ တောင်ပေါ်ဒေသ ကလူတွေ၊ ဝေးလံခေါင်ဖျားဒေသကလူတွေနဲ့ လတ်တလောတိမ်းရှောင်လာတဲ့သူတွေဆိုပြီးတေ့ ခွဲလိုက်တယ်။ အဲ့ဒီအုပ်စု သုံးခုမှာ တောင်ပေါ်ဒေသကလူတွေနဲ့ ဝေးလံခေါင်ဖျားဒေသကလူတွေကတော့ နေရပ်ပြန်နိုင်မယ့် အခွင့်အရေးမရှိ သလောက် နည်းပါးနေတာကိုတွေ့ရတယ်။ စခန်းတွေမှာ နှစ်နဲ့ချီပြီးတော့ နေသွားရနိုင်ပါတယ်။”လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)က ဦးဇော်ဇော်ထွန်းကပြောပါတယ်။

တောင်ပေါ်နေတိုင်းရင်းသားတွေနဲ့ ဝေးလံခေါင်ဖျားဒေသတွေက စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ အခွင့်အရေးနည်းပါး နေတာဟာ စစ်ပွဲတွေဖြစ်ပွားခဲ့ရာ ဒေသတွေမှာ မိုင်းအန္တရာယ်ကိုစိုးရိမ်နေကြရသလို စစ်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်ပြီး လုပ်ကိုင်စားသောက်ဖို့ အခက်အခဲရှိနေတာကြောင့်ဖြစ်ပါတယ်။

“ဒီလူတွေက နေရပ်ပြန်ဖို့အခွင့်အလမ်းမရှိဆိုတော့ သူတို့အတွက် အမိုးအကာအောက်ကိုရောက်ဖို့လိုအပ်နေပါပြီ။ လွန်ခဲ့တဲ့သုံးလေးလလောက်ကတည်းက ယာယီနေလာခဲ့တဲ့ ရွက်ဖျင်တဲတွေမှာ ဆက်နေဖို့အဆင်မပြေတော့ဘူ။ လာမယ့်နွေရာသီဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ မကြာခင်မိုးရွာတော့မယ်။ သူတို့ကို နေစရာတဲတွေခိုင်ခိုင်မာမာလုပ်ပေးဖို့လိုအပ်နေပါတယ်။”လို့ ဦးဇော်ဇော်ထွန်းကပြောပါတယ်။

လက်ရှိမှာ REC အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ငါးမြို့နယ်အတွင်းမှာ ရောက်ရှိခိုလှုံနေကြတဲ့ စစ်ဘေးရှောင် တွေနဲ့ပတ်သက်လို့ စာရင်းကောက်ယူမှုတွေပြုလုပ်နေပြီး အဲ့ဒီရရှိလာတဲ့အချက်အလက်တွေကို အစိုးရ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ အလှူရှင်တွေကူညီထောက်ပံ့မှုလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အထောက်အကူဖြစ်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

“စခန်းအားလုံးလိုလိုမှာတော့ လတ်တလောလိုအပ်ချက်က ရေပါပဲ။ စခန်းတိုင်းမှာ ရေအခက်အခဲရှိနေပါတယ်။ မကြာခင်မှာ ရေပြတ်တောက်တော့မယ်။ ဒါတွေကို အကူအညီပေးတဲ့အဖွဲ့အစည်းတွေကနေ အချက်အလက်တွေကို သိရှိနိုင်အောင်အတွက် စာရင်းကောက်ပြီးတော့ ကျွန်တော်တို့ REC ကထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။ အစိုးရဘက် ပြောတဲ့အရေအတွက်တွေနဲ့တော့ ကွဟချက်တွေရှိတာပေါ့။ သူတို့ကတော့ စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်ပဲရှိတယ်လို့ ပြောတယ်။”လို့ ဦးဇော်ဇော်ထွန်းကပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် ၆ ခုအတွင်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၂၀၁၄၅ ဦးအထိရှိလာနေပြီဖြစ်ကာ အဲ့ဒီအထဲမှာ စခန်းတွေကိုမရောက်နိုင်သေးဘဲ ပိတ်မိနေသူဦးရေ ၆၀၈၀ ဦးခန့်ရှိနေတယ်လို့ REC က ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW