အွန်လိုင်းကနေ ခင်မင်ခဲ့သူကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမျိုးသမီး ရွှေထည်ပစ္စည်းတွေ လုယက်ခံရ

 

စစ်ကိုင်း မတ် ၂၆-၂၀၁၉

မောင်တာရာ(VOM)

စစ်ကိုင်းမြို့မှာ အွန်လိုင်းကနေ ခင်မင်ခဲ့သူကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမျိုးသမီးရဲ့ ရွှေထည်ပစ္စည်းတွေ လုယက်ခံမှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အခုလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။

အမရပူရမြို့နယ်နေ မ××××၊ ၂၄နှစ်မှာ အခုလ ၉ ရက်နေ့ မနက်(၆)နာရီ အချိန်ခန့်မှာ လူမှုကွန်ယက်စာမျက်နှာမှာ ခင်မင်ရင်းနှီးခဲ့တဲ့ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာနေ ထက်နေအောင် (ခ)ထက်မြတ်အောင်၊ ၂၇နှစ်ဆိုသူကနေ တွေ့ဆုံလိုကြောင်း ပြောတဲ့ အတွက် မန္တလေးမြို့ရှိ စွယ်တော်ဘုရားမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အဲလို သွားရောက် တွေ့ဆုံတဲ့အခါမှာ ထက်နေအောင် (ခ)ထက်မြတ်အောင်က စစ်ကိုင်းဘက်ကို ဘုရားဖူးသွားဖို့  ပြောဆိုခေါ်ဆောင်ခဲ့တဲ့ အတွက် မ×××× က ထက်နေအောင်(ခ)ထက်မြတ်အောင်ရဲ့ ဆိုင်ကယ်နဲ့ လိုက်ပါလာခဲ့ရာမှာ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက် ကောင်းမှုတော်ဘုရားမြောက်ဘက်အနီး ရောက်ရှိတဲ့ အခါ ထက်နေအောင်(ခ) ထက်မြတ်အောင်က တောလမ်းအတိုင်း လူပြတ်တဲ့နေရာကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လူပြတ်တဲ့ နေရာ အရောက်မှာ ဆိုင်ကယ်ကို ရပ်တန့်ပြီး မ××××ဝတ်ဆင်ထားသော အလေးချိန် (၆)ပဲ(၁)ရွေးခန့်ရှိ အဝိုင်းပုံလက်စွပ်(၁)ကွင်း တန်ဖိုး ငွေကျပ် (၃၅၆၂၅ဝ)ခန့်၊ လည်ပင်းတွင်ဆွဲထားတဲ့ အလေးချိန် (၄)ပဲ(၁)ရွေးခန့်ရှိ ဘောလုံးပုံဆွဲသီး တစ် ခု တန်ဖိုး ငွေကျပ် (၂၃၇၅၀ဝ)ခန့်ပါ အလေးချိန် (၁၂) ပဲ(၂)ရွေးခန့်ရှိ ဇောင်းကျိုးပုံ ရွှေဆွဲကြိုးတစ်ကုံး တန်ဖိုး ငွေကျပ် (၇၁၂၅၀ဝ)ခန့် ကို ချွတ်ပြခိုင်းခဲ့တဲ့အတွက် ချွတ်ပြရာမှာ ဆွဲဖြုတ်ယူခဲ့တဲ့ အတွက် အော်ဟစ်အကူအညီတောင်းခံဖို့  ပြုလုပ်ချိန်မှာ  ဓါးမြှောင်တစ်ချောင်းကို ထုတ်ပြပြီး ရွှေထည်ပစ္စည်းတွေကို ယူဆောင်ထွက်ပြေး သွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရပါတယ်။

ရွှေထည်ပစ္စည်းတွေကို လုယက်ယူဆောင်သွားသူ ထက်နေအောင်(ခ)ထက်မြတ်အောင် ကို အရေးယူပေးဖို့  မ××××ကနေ တရားလိုပြုလုပ် လာရောက်တိုင်တန်းခဲ့တဲ့အတွက် စစ်ကိုင်းမြို့မရဲစခန်း(ပ)၃၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး မ××××ရဲ့သူငယ်ချင်းဖြစ်သူကို အကူညီတောင်းခံပြီး မြစ်ငယ်တံတားအနီးမှာ ထပ်မံချိန်းဆိုစေခဲ့ရာကနေ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်စိုးမင်း ဦးစီးအဖွဲ့၊ စစ်ကိုင်းနယ်မြေရဲကင်းမှ ရဲအုပ် ဇော်ထွန်းနှင့်အဖွဲ့တို့မှ တံတားအနီးစောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူအား ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းတွေအား သိမ်းဆည်းနိုင်ခဲ့ပြီး အလားတူအခြားပြစ်မှုတွေ ကျူးလွန်ထားခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

#voiceoefmyanmar #စစ်ကိုင်း #မူခင်း #အွန်လိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW