မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြန်လည်ဖြစ်ပွား

မြောက်ဦး၊ မတ် ၂၆-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသက မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကနေ မြောက်ဦးမြို့ရဲ့မြောက်ပိုင်း ၁၆ မိုင်ခန့်အကွာ တောင်ဦးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ညက ၄ နာရီခန့်အကြာ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

“တိုက်ပွဲက ဒီမနက် ၁ နာရီခွဲလောက်ကနေ စဖြစ်တယ်။ ၅ နာရီလောက်မှ ပြီးတယ်။ မကျည်းကုန်းနားမှာဖြစ်ကြတာပါ။ နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ဒီမနက်ပိုင်းအထိတော့ တပ်မတော်က ရှင်းလင်းမှုတွေလုပ်တယ်လို့ထင်တာပေါ့။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတာတော့ တွေ့ရတယ်။”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း နှစ်ဖက်အပြန်အလှန်တိုက်ခိုက် ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ တစ်မိုင်လောက်ကွာဝေးတဲ့ တောင်ဦးကျေးရွာက နေအိမ်တစ်လုံးကို လက်နက်ကြီးကျည်ကျရောက်ပြီး ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိတယ်။ လက်နက်ကြီးကျည်ကျလို့ ကျွန်တော်တို့ရွာက ဦးအောင်သိန်းလှိုင်တို့အိမ်မှာ ဗုံးဆံကျလို့ ခေါင်မိုးတွေဘာတွေ ပျက်စီးသွားတယ်။ ပြတင်းပေါက်မှန်တွေကွဲသွားတယ်။ လူတွေတော့ထိခိုက်မှုမရှိဘူး။ အနီးဝန်းကျင်ကျေးရွာတွေက မိသားစုတချို့ကတော့ နီးစပ်ရာရွာတွေကို ပြောင်းရွှေ့နေကြတာရှိပါတယ်။”လို့ ဦးထွန်းသာစိန်ကဆိုပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့ လင်းမြွေတောင် တောင်တန်းအနီးက မကျည်းကုန်းနေရာမှာ ပြီးခဲ့တဲ့လအတွင်းကလည်း မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #AA #တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW