နယ်စပ်ကနေ အိန္ဒိယနိုင်ငံ အတွင်း ကုန်စည်တင်ပို့မှု အိန္ဒိယနိုင်ငံက ပိတ်ပင်တဲ့အတွက် ကုန်ပစ္စည်းတွေ  ပိတ်မိနေ

ရိခေါဒါရ် မတ်လ ၂၇

မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ နဲ့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ နယ်စပ် ကနေ ပုံမှန်တင်ပို့နေကျ နယ်စပ်ကုန်ပစ္စည်းတွေကို အိန္ဒိယနိုင်ငံဖက် ကနေပြီးတော့  ပိတ်ထားတာကြောင့်  ကုန်ပစ္စည်းတွေ  ပိတ်မိနေတယ်လို့  နယ်စပ်ကုန်သည်တွေ ဆီကနေ သိရပါတယ်။

မိဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ မှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေး အဖွဲ့နဲ့ ကျန်ဖိုင်းမြို့မှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းတို့အကြား အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားရာကနေ ဇိုခေါထာရ်ကျေးရွာမှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေးအဖွဲ့ကနေပြီးတော့ မြန်မာဖက်ကနေ ၀င်လာတဲ့ ကုန်စည်တွေကို ဇိုခေါထာရ်ကနေ ကျန်ဖိုင်းကို ဆက်မပို့ဖို့နဲ့ ကျန်ဖိုင်းကနေ ဇိုခေါထာရ်ကို ဖြတ်ပြီး မြန်မာဖက်ခြမ်းကို ၀င်လာမယ့် ကုန်တင်ကားတွေကို ဖြတ်သန်းလာရောက်တာတွေ မလုပ်ဖို့ မတ်လ ၂၅ ရက်နေ့က စတင် တားမြစ်ခဲ့တာကြောင့် အခုလို ပိတ်သွားတာ ဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေ ထံကနေ သိရပါတယ်။
“ဟိုဖက်ကနေလည်း မြေဆီတွေ ၀င်မလာဘူး။ဒီဖက်ကနေလည်း ကုန်စည်တွေ တင်ပို့လို့မရဘူး။ကားတွေပေါ်မှာ ကွမ်းသီးတွေ တင်ထားပြီး ဒီအတိုင်း စောင့်ကြည့်နေကြတယ်” လို့ ရိခေါဒါရ်မြို့က ကွမ်းသီး ကုန်သည်တစ်ဦးက ပြောပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေစခန်းတွေ ထဲကနေ ရိခေါဒါရ်နယ်စပ်ကုန်သွယ်ရေး ဟာဆိုရင် တမူးနယ်စပ်ကုန်သွယ်ရေးပြီးရင် ဒုတိယ အကြီးဆုံး ကုန်စည်စီးဆင်းမှု ရှိနေတဲ့ နယ်စပ်ဖြစ်ပါတယ်။

 

ရိခေါဒါရ်နယ်စပ် ဟာ ဆိုရင် စစ်ကိုင်တိုင်း ကလေးမြို့ကနေ မိုင် ၈၀ အကွာမှာ ရှိနေပြီးတော့ မြန်မာနိုင်ငံကနေပြီးတော့ ကွမ်းသီးနဲ့ တရုတ်အထည်အလိပ်တွေ အဓိက တင်ပို့နေရပြီး အိန္ဒိယနိုင်ငံဖက်ကနေပြီးတော့ မြန်မာနိုင်ငံအတွင်းကို အိန္ဒိယနိုင်ငံထုတ် မြေဆီတွေ ၀င်ရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေး တစ်ခုလည်း ဖြစ်ပါတယ်။အိန္ဒိယဖက် ဒီလို ပိတ်လိုက်တာဟာ ရက်အကန့်အသတ် မရှိတာ ဖြစ်တဲ့အတွက် ကွမ်းသီးအစိုတွေ ပုတ်ပြီး ပျက်စီးလာနိုင်တာကြောင့်  ကုန်သည်တွေအနေနဲ့ လုပ်ငန်းထိခိုက်တာတွေ ဖြစ်လာနိုင်ဖို့ ရှိပါတယ်။

#voiceofmyanmar #ကုန်သွယ်ရေး #နယ်စပ် #အိန္ဒိယ

Related posts

Leave a Comment

VOM News

FREE
VIEW