ရေတိုက်စားမှုကြောင့် ပျက်စီးလာတဲ့ ရိရေကန်ကို ထိန်းသိမ်းဖို့  ကိုယ်ထူကိုယ်ထ ဆောင်ရွက်မယ်

ရိခေါဒါရ် မတ် ၃၀-၂၀၁၉

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်က အသဲနှံလုံးပုံစံ ရိရေအိုင် ကမ်းပါး ရေတိုက်စားပြီး ပြိုကျပျက်စီးနေသလို ကမ်းဘေးက သစ်ပင်ကြီးတွေ  ပြိုလဲတာတွေ ဖြစ်ပေါ်နေတာကြောင့် ရေချိုဆိပ်ကမ်းပါး ကို ကျောက်စီ လှေကားထစ် တည်ဆောက်တဲ့ လုပ်ငန်းကို ရိခေါဒါရ်မြို့မှာနေထိုင်တဲ့ လူငယ်တွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရိလူငယ်အဖွဲ့ က ကိုလားလ်မှိန်းမွန်နာ က ပြောပါတယ်။

ဒီလုပ်ငန်းလုပ်ဆောင်ဖို့ အတွက် မတ်လ ၂၉ ရက်နေ့ထဲက စတင် ပြင်ဆင်နေပြီဖြစ်ပြီး လူတွေနားခိုဖို့ ပြုလုပ်ထားတဲ့ ဘန်ဂလိုတွေ ရှိတဲ့ ဘက်ခြမ်း ကို အမြင့် ၅ ပေ အလျား ၁၀ ပေ ရှိတဲ့ ကျောက်စီ ရေကာတာ လှေကားထစ် ပြုလုပ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရိရေအိုင်ဟာဆိုရင် နွေရာသီကာလမှာ ရေနည်းပါးပေမယ့် မိုးရာသီကာလမှာတော့ ရေများပြီး ကမ်းပါးတွေကို  ရေတိုက်စားတာကြောင့်  ရေအိုင်ရဲ့ ပုံသဏ္ဍာန်ဟာ အသဲနှလုံးပုံသဏ္ဍာန်ကနေ တစ်ဖြည်းဖြည်း ပြောင်းလဲစ ပြုလာတာဖြစ်တဲ့အတွက် ဒါကို ထိန်းသိမ်းဖို့ ရိလူငယ်အဖွဲ့က ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ ကြား အသုံးပြုပြီးတော့ စတင် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
“ရိရေကန် ကမ်းပါးတွေ တဖြည်းဖြည်းနဲ့ တိုက်စားခံနေရတယ်။အစိုးရကလည်း ဘာမှလည်း အခုထိ မလုပ်ဘူးဆိုတော့ ရေကန်ကလည်း ပျက်စီးနေပြီ။ရေတိုက်စားပြီး ကမ်းပါးကလည်း မြင့်လည်းမြင့်လာတယ်။အပင်တွေကလည်း သေသေ နေတယ်ဆိုတော့ တကယ့်ကို ဒေသချစ်စိတ်နဲ့ လူငယ်တွေ အနေနဲ့လည်း ဒေသအတွက် အမှတ်တရ ကောင်းမှုတစ်ခုခု လုပ်ချင်တာနဲ့ အဲ့ဒါကိုလုပ်နေတာပါ” လို့  ကိုလာမှိန်းမွန်နာ က ပြောပါတယ်။
ရိရေအိုင်ဟာဆိုရင် ချင်းပြည်နယ် မြောက်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၂၅၀၀ ကျော်မှာ တည်ရှိတဲ့ ရေအိုင်တစ်အိုင်ဖြစ်ပါတယ်။ဒီရေအိုင်ဟာ တောင်တန်းတွေကြားမှာ တည်ရှိတာဖြစ်တဲ့အပြင် အသဲနှလုံး ပုံသဏ္ဍာန်ရှိနေတာကြောင့် နှစ်တိုင်း ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ဒီရေအိုင်ကို ဒေသခံတိုင်းရင်းသားတွေက ဘိုးဘွားအမွေအနှစ် တစ်ခုအနေနဲ့ အထွဋ်အမြတ်ထား ထိန်းသိမ်းတာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #ချင်းပြည်နယ် #ရိရေကန် #ရိခေါဒါရ်

Related posts

Leave a Comment

VOM News

FREE
VIEW