ကျောက္ကာရေနံချက်ဖိုကုန်းတွင် ၁ ရက်ထဲ မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား

မုံရွာ မတ် ၃၁-၂၀၁၉

ဗျဂ္ဃ (VOM)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ၊ ရေနံချက်ဖိုကုန်းမှာ ချက်ဖိုထဲ ရေနံစိမ်းထည့်ရာကနေ ဆီငွေ့နဲ့ မီးတွေ့ကာ ဖြစ်စဉ်တူ မီးလောင်မှု ၂ ကြိမ် မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

 

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ မနက်ပိုင်းလောင်ကျွမ်းမှုမှာ ၁၀ ပေပတ်လည်အဆောက်အဦး ၁ ခု၊ ဓာတ်ဆီ ၅ ဂါလံ ကာလတန်ဖိုး ၂၂၀၀၀ကျပ်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ မီးလန့်မှုအဆင့်သာဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး မရှိခဲ့ဘူးလို့ မီးသတ်ဦးစီးဌာနက သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ကျောက္ကာ ရေနံချက်ဖိုကုန်းက နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း မီးလောင်မှုဖြစ်နေကျဖြစ်ကာ တခါတလေ အသက်ဆုံးရှုံးတာတွေလည်း ရှိပါတယ်။ အခုမတ်လ အတွင်းမှာလည်း မီးလောင်မှု ၃ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ အများသောအားဖြင့် ပေါ့ဆမီးတွေဖြစ်ပါတယ်။

 

“ဌာနအနေနဲ့ကတော့ လုပ်ငန်းစဉ် ၇ ရပ်ကို ပုံမှန်လုပ်နေတယ်။ အဓိကကတော့ မီးလောင်ရင် ပေါ့ဆမီးကများတဲ့အတွက် မီးသုံးစွဲတဲ့ ပြည်သူတွေအနေနဲ့ သတိထားသုံးစွဲကြဖို့လိုပါတယ်။ ဌာနကလည်း ဖြစ်လာရင် အချိန်မှီငြိမ်းသတ်နိုင်အောင် ယာဉ်အသင့်၊ ဆီအသင့်၊ လူအသင့်၊ ရေအသင့်နဲ့ လုပ်ဆောင်ထားပါတယ်။ ဝန်ထမ်းအင်အား၊ ယာဉ်ယန္တရား လုံလောက်မှုရှိပါတယ်။”လို့ မုံရွာမြို့နယ် မီးသတ်းဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

 

၂၀၁၈ ခုနှစ်က မုံရွာမြို့နယ်မှာ မီးလောင်မှု  ၃၈ ကြိမ်ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၆၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း ဇန်နဝါရီလကနေ မတ်လကုန်အထိ ၃ လတာကာလအတွင်း တောမီး၊ အမှိုက်ပုံမီးမပါ မီးလောင်မှု စုစုပေါင်း ၁၇ ကြိမ်ရှိပြီဖြစ်ပါတယ်။

 

မုံရွာမြို့နယ်အနေနဲ့ မြို့နယ်မီးသတ်စခန်း ၁ ခု၊ အလုံ၊ သာစည်၊ မုံရွေး၊ ကျောက္ကာ  စတဲ့ နေရာတွေမှာ နယ်မြေမီးသတ်စခန်း ၄ ခုဖွဲ့စည်းကာ မီးဘေး၊ သဘာဝဘေးတွေအတွက် လုပ်ဆောင်နေပါတယ်။

 

#voiceofmyanmar #မုံရွာ #ကျောက္ကာ #ရေနံချက်ဖို #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW