မိုးကုတ်က ကျောက်မျက်ကုမ္ပဏီနဲ့ ဒေသခံတွေ ပဋိပက္ခ ဖြစ်ပွားရာကနေ ဂိုဒေါင်တလုံး မီးလောင်ပျက်စီး

ဧပြီ ၁၊ ၂၀၁၉

သက်သက်(VOM)

 

မိုးကုတ်မြို့ အနောက်ဖက် ၁၃ မိုင်အကွာက ဘောလုံးကြီးရွာမှာ ဌေးပိုင် ကျာက်မျက်တူးဖော်ရေး ကုမ္ပဏီကတာဝန်ရှိသူတွေနဲ့ နဲ့ ဒေသခံရွာသားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့တာကြောင့် ကုမ္ပဏီပိုင် ဂိုထောင်တလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဘောလုံးကြီးရွာမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ဖက်စပ်ကုမ္ပဏီတခုဖြစ်တဲ့ ဌေးပိုင် ကုမ္ပဏီဝန်ထမ်းတွေနဲ့၊ကျောက်တူးသူရွာသားတွေ မတ်လ ၃၁ ရက်နေ့ညပိုင်းမှာ အခြေအတင် စကားများရာက ပြဿနာတက်ခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။

 

“ကုမ္ပဏီက ကျောက်တူးခွင့် သက်တမ်းကုန်ပြီး ကျောက်တူးခွင့်မရှိဘူးပေါ့။ သက်တမ်းကုန်ရင် အစိုးရကို ပြန်အပ်ရမှာကို မအပ်သေးပဲ သက်တမ်းတိုးဖို့ စောင့်နေတုန်းကို ကုမ္ပဏီက ပစ္စည်းတွေ စောင့်ရှောက်ဖို့ လူတွေ ထားတယ်ဆိုတာမျိုး သူတို့က နေနေတယ်ပေါ့။ ဒီလိုဖြစ်နေတုန်းကို ဒေသခံတချို့က အဲ့ဒီနားမှာ ဒီလိုပဲ ကျောက်တွေဘာတွေ သွားတူးကြတော့ ကုမ္ပဏီက လူတွေက လာမတူးဖို့တားတယ်၊ အဲ့ဒီမှာ ဒေသခံတွေကလည်း မင်းတို့လည်း ခိုးတူးနေတာပဲ ဘာညာနဲ့ အခြေအတင်တွေ ဖြစ်ကြရာက ရန်ပွဲက ကြီးသွားတာလို့ ယေဘူယျ ပြောရမှာပေါ့” လို့ မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောပါတယ်။

 

ကုမ္ပဏီက ယမ်းတွေထားတဲ့ ဂိုဒေါင် မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး လွင့်စင်လာတဲ့ အပိုင်းအစတွေကြောင့် အနီးဝန်းကျင်က လူနေအိမ်ငါးလုံး ပျက်စီးမှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒီနေ့မနက်ပိုင်းမှာတော့ မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေအပါအဝင် နယ်မြေခံ တာဝန်ရှိသူတွေက အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မိုးကုတ် #ကျောက်မျက်ကုမ္ပဏီ #မီးလောင်

ဓါတ်ပုံ ကိုစိုးဌေး ဖေ့ဘုတ်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW