ဘူးသီးတောင်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားရာနေရာမှာ ပိတ်မိနေတဲ့ကျေးရွာသား ၆ ဦးကို နှစ်ရက်အကြာမှာ ကယ်ထုတ်နိုင်ခဲ့

 

ဘူးသီးတောင်၊ ဧပြီ ၂၁-၂၀၁၉

ခိုင်လင်းစံ(VOM)

 

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ဧပြီလ ၁၉ ရက်နေ့က ကျေးရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

ကျေးရွာသားတွေ ထွက်ပြေးနေချိန်မှာ ကျန်းမာရေးမကောင်းတဲ့ နေထိုင်မကောင်းတဲ့ အသက်ပိုင်း ဘိုးအဘွားတွေဟာ ကျေးရွာအတွင်းမှာ ပိတ်မိနေခဲ့ပြီး သူတို့တွေကို နှစ်ရက်အကြာမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက် ကယ်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။

“ပိတ်မိနေတဲ့ အသက်ကြီးပိုင်းတွေကိုတော့ ကျွန်တော်တို့ မနေ့ကကယ်ထုတ်နိုင်ခဲ့ပါတယ်။ အကုန်လုံးက ၆ ယောက်ဖြစ်ပါတယ်။ နွားရုံတောင်ရွာက ၅ ယောက်၊ သသျှားတောင်ကတစ်ယောက်ပါ။ အသက် ၉၀ ကျော်နှစ်ယောက်ပါပါတယ်။ လေဖြတ်နေသူတွေ၊ မျက်စိမမြင်သူတွေပါပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

ရွာသားတွေ ထွက်ပြေးလာခဲ့ပြီး စေတီတောင်ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေတဲ့အချိန်မှာ အသက်ကြီးပိုင်းတွေနဲ့ နေမကောင်းသူတွေ ကျန်နေခဲ့ကြောင်း သိရတဲ့အတွက် ဘူးသီးတောင်က ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ မောင်တောက အဖွဲ့တွေစုပေါင်းပြီး အဲ့ဒီနေ့မှာ ကယ်ထုတ်ဖို့ကြိုးစားခဲ့ကြပေမယ့် ပစ်ခတ်မှုတွေရှိနေသေးတဲ့ အတွက် လမ်းခုလပ်ကနေပြန်လာခဲ့ကြရတာဖြစ်ပြီး နောက်နေ့မနက်ပိုင်းမှာ သွားရောက်ကယ်ထုတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

 

“ပထမနေ့ကတည်းက သူတို့ကို မောင်တောက ကရုဏာကွန်ရက်အဖွဲ့နဲ့ ဘူးသီးတောင်က အနောက်တံခါးကူညီ စောင့်ရှောက်ရေးအဖွဲ့တို့ပေါင်းပြီးတော့ လူနာတင်ယာဉ်နဲ့ ကယ်ထုတ်ဖို့အတွက်သွားတယ်။ ဒါပေမယ့် စံဂိုးထောင်အုပ်စုထဲကိုအရောက်မှာ လက်နက်ကြီးတွေပစ်တာတွေရှိနေတဲ့အတွက် မဝင်ခဲ့ရဘူး။ပြန်လာရတယ်။”လို့ ဦးထွန်းအောင်သိန်းကပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီထဲက ကျန်းမာရေးမကောင်းတဲ့ အသက်ကြီးပိုင်းတွေကိုတော့ ဘူးသီးတောင်ဆေးရုံမှာ ထားရှိပြီး တခြားအသက်ကြီးပိုင်းတွေကို ရန်အောင်မြေဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းမှာထားရှိပြီး  ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးထားတယ်လို့ ပြောပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #ဘူးသီးတောင်

Related posts

Leave a Comment

VOM News

FREE
VIEW