ဖိုလ်ဝင်တောင် မှာ ရှိနေတဲ့မျောက်တွေအတွက် သောက်ရေ ချိုးရေ အတွက် ယင်းမာပင်မီးသတ်ဌာန ကနေရေလှူဒါန်း

ဧပြီ ၂၃၊၂၀၁၉

မိုင်ချယ်ရီ(VOM)

ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု ဇုန်တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ်တဲ့ ယင်းမာပင်မြို့နယ် အတွင်းမှာ ရှိတဲ့ ဖိုလ်ဝင်တောင်(ဖိုးဝင်းတောင်) ပေါ်မှာ နေထိုင်ကျက်စားကြတဲ့ မျောက်တွေအတွင် သောက်ရေ ချိုးရေ အသုံးပြုဖို့ ပြုလုပ်ထားတဲ့ ရေကန်တွေမှာ ရေမရှိတော့တာကြောင့် တစ်ပတ်တစ်ကြိမ် သွားရောက် ရေလှူဒါန်းနေရတယ်လို့ ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဇေမိုး က ပြောပါတယ်။

ဖိုလ်ဝင်တောင် ပေါ်မှာ အရင်ကတည်းက မျောက်တွေ ချိုးဖို့ သောက်ဖို့ ဆိုပြီး ကျောက်ရေကန်ကြီးတွေ တူးဖော်ထားပါတယ်။အဲ့ဒီရေကန် ကြီးတွေထဲက ရေတွေဟာဆိုရင် မတ်လ ပိုင်းထဲကနေ စတင် ခမ်းခြောက်ပြီး မျောက်တွေ သောက်ဖို့ နဲ့ ချိုးဖို့ ရေမရှိတော့တာကြောင့် တစ်ပတ်ကို တစ်ကြိမ် ရေဂါလံ ၈၀၀ ဆံ့ရေသယ်ကားကြီး နဲ့ သွားရောက် ရေဖြည့်လှူဒါန်း နေရတယ်လို့ သူက ပြောပါတယ်။

“မနက်ခင်း ရွာတွေကို လှူတယ်ဆိုရင် ညနေခင်းလောက်ဆိုရင် မျောက်ကန်တွေ အနီးက ဈေးဆိုင်တွေကို လှမ်းမေးပြီး သောက်သုံးရေး မရှိတော့ဘူး နည်းသွားပြီဆိုရင် တစ်ပတ်ကို တစ်ကြိမ် သွားသွားပို့ပေးရတယ်” လို့ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဇေမိုး က ပြောပါတယ်။

ဖိုလ်ဝင်တောင် ပေါ်မှာ မျောက်အကောင်ရေ ၁၀၀၀ နီးပါး နေထိုင်ကျက်စားကြပြီး တောင်ပေါ်မှာ ကျက်စားနေထိုင်တဲ့ မျောက်တွေ သောက်ဖို့ နဲ့ ချိုးဖို့ အတွက် တောင်ပေါ်မှာ ရှေးဟောင်း ကျောက်ရေကန်ကြီးတွေ ရှိပါတယ်။အဲ့ဒီကျောက်ရေကန် တွေထဲကို မျောက်တွေက ရေဆင်းသောက်တာ ရေချိုးတာ ပြုလုပ်ကြပါတယ်။

ဖိုလ်ဝင်တောင် ဟာဆိုရင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မင်းဇူးကျေးရွာအနီးမှာ တည်ရှိပြီး ဆုတောင်းပြည့်ဘုရား ၊တောင်းတိုင်းပြည့် ဘုရား ၊တတိုင်းပြည့် ဘုရား ၊တင်းတင်းပြည့် ဘုရား ၊သက်တော်ရဘုရား ၊သက်တော်ရှည်ဘုရား တွေ အပြင် နံရံဆေးရေးပန်ချီ ၊ကျောက်ဆစ်လက်ရာ တွေ နဲ့  ဘုရားအဆူပေါင်း ၄၄၆၄၄၄ ဆူ တည်ရှိတဲ့ မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တွေ စုဝေးရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။

#voiceofmyanmar #ဖိုလ်ဝင်တောင် #စစ်ကိုင်း #ယင်းမာပင် #ရေလှူဒါန်း

Related posts

Leave a Comment

VOM News

FREE
VIEW