မက္ကဆီနိုင်ငံမှာ အသတ်ခံရသူဦးရေ သုံးလအတွင်း ၈၅၀၀ နီးပါးရှိနေ

မက္ကဆီကိုစီးတီး၊ ဧပြီ၂၃-၂၀၁၉

မျိုးဆက် (VOM)

မက္ကဆီကိုနိုင်ငံမှာ ယခုနှစ်ပထမ သုံးလအတွင်း လူ ၈၅၀၀ နီးပါးအသတ်ခံခဲ့ရပြီး ဒီအရေအတွက်ဟာ နို်င်ငံမှာဖြစ်ပွားတဲ့ လူသတ်မှုတွေရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ မက္ကဆီကို အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်မှာ မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါ အာဏာရပြီးနောက်ပိုင်း အသေအပျောက်အများဆုံး ပစ်ခတ်တိုက်ခိုက်မှုအဖြစ် ဗရာခရုဇ် ဒေသက စားသောက်ဆိုင်မှာ လူ ၁၃ ဦးသေဆုံးခဲ့ပြီး အခုသီတင်းပတ်ကုန်အထိ အသတ်ခံရသူဦးရေမှာ မြင့်တက်ခဲ့တယ်လို့ အများပြည်သူလုံခြုံရေးဆိုင်ရာအဖွဲ့ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။

ဇန်န၀ါရီလကနေ ဧပြီလအကြား လူ ၈၄၉၃ ဦးအသတ်ခံခဲ့ရပြီး နှစ်မကုန်မီ လူသတ်မှု ၃၃၉၀၀ ရှိလာနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ နိုင်ငံတစ်ဝန်း လူ ၃၃၅၀၀ ဦးအသတ်ခံခဲ့ရပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေဖြစ်ပါတယ်။

အများပြည်သူဘေးကင်းလုံခြုံမှုကို အထူးတလည်အာမခံပေးနိုင်ဖို့ မိမိတို့စိုးရိမ်ပူပန်နေပြီး ဒီအတွက်ကြောင့် စစ်တပ်နဲ့ ရေတပ်က မိမိတို့ကို ကူညီနိုင်ဖို့အတွက် ဖွဲ့စည်းပုံပြောင်းလဲရေး အဆိုပြုခဲ့တာဖြစ်တယ်လို့ မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါကပြောပါတယ်။

မက္ကဆီကိုအစိုးရဟာ ပြီးခဲ့တဲ့ နှစ်က မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နှင်းဖို့ အတွက် စစ်တပ်ကိုတာဝန်ပေးခဲ့ပေမယ့်လည်း အကြမ်းဖက်မှုတွေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်တာမျိုးမရှိပါဘူး။ လူသတ်မှုနှုန်းကိုမြင့်တက်စေဖို့ တွန်းအားပေးနေတဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်တာတွေနဲ့ ပိုက်နက်နယ်မြေအတွက် တိုက်ခိုက်နေကြတဲ့ ရာဇ၀တ်ဂိုဏ်းကြီးတွေ အများအပြားကျန်ရှိနေဆဲဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုပါတယ်။

Ref : UPI Photo : AP

#voiceofmyanmar #နိုင်ငံတကာသတင်း #မက္ကဆီကို #မူးယစ်ဆေးဝါး

Related posts

Leave a Comment

VOM News

FREE
VIEW