ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခဖြေရှင်းပေးဖို့ ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က ကြေညာချက်ထုတ်

စစ်တွေ၊ ဧပြီ ၂၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

မြန်မာ့တပ်မတော်နဲ့ AA တို့အကြား ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့သတ်သက်လို့ အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ စစ်ဘေးရှောင်တွေကို အစိုးရက အကူအညီတွေပေးဖို့အတွက် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ ကြေညာချက်တစ်စောင်ကိုထုတ်ပြန်လိုက်ပါတယ်။

 

အဲ့ဒီကြေညာချက်ကို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၂၇၅ ဖွဲ့တို့က တစ်စုတစ်စည်းတည်း ထုတ်ပြန်တာဖြစ်ပြီး အချက်ငါးချက်ကို တောင်းဆိုထားတာဖြစ်ပါတယ်။

 

“အပစ်ခတ်ရပ်စဲထားတာ ၄ လပြည့်ပြီ။ ရပ်စဲထားတဲ့ကာလအတွင်းမှာလည်းပဲ ရခိုင်ပြည်နယ်ဟာ စစ်ဖြစ်နေတယ်။ ဒါကြောင့် ထိခိုက်နစ်နာမှုတွေရှိခဲ့တယ်။ ဒီပြဿနာဟာ စစ်ရေးအရဖြေရှင်းလို့မရနိုင်တဲ့အတွက် အပစ်ခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့အတွက် တိုက်တွန်းထားတာဖြစ်ပါတယ်။”လို့ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောပါတယ်။

 

ဒါ့အပြင် လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကိုလည်း ထောက်ပံ့ကူညီပေးမှုတွေမှာ အစိုးရဘက်က ပိုမိုလုပ်ဆောင်ကြဖို့နဲ့ အဲ့ဒီလူတွေ လူ့ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်ရေးအတွက် အစိုးရကအမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

 

“ဒီပြဿနာကို အစိုးရတပ်မတော်အပေါ် လွှမ်းမိုးမှုမရှိတာကြောင့် အစိုးရအနေနဲ့ လုပ်လို့မရဘူးဆိုတာတော့ ကျွန်တော်တို့သဘောပေါက်ပါတယ်။ ဒါပေမယ့် ရနိုင်တဲ့ဘက် လုပ်ပေးဖို့လိုအပါတယ်။ အကူအညီပေးတဲ့နေရာမှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဝိုင်းဝန်းပူးပေါင်းပြီးတော့ ဆောင်ရွက်သင့်ပါတယ်။”လို့ ဦးခိုင်ကောင်းစံကပြောပါတယ်။

 

အဲ့ဒီကြေညာချက်မှာ စစ်ဘေးဒုက္ခသည်တွေရိက္ခာဖူလုံပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ကြောက်ရွံ့ခြင်းကင်းပြီးတော့ လုံခြုံစွာနေထိုင်သွားလာနိုင်တဲ့ လူနေမှုဘဝကို အစိုးရကအမြန်ဆုံးကူညီဖြေရှင်းပေးဖို့။ ရှေးဟောင်းယဉ်ကျေးမှုဇုံတွေနဲ့ သာဿနိက အဆောက်အဦတွေမှာ တပ်စခန်းတွေမထားရှိဖို့၊ တိုက်ပွဲမဖြစ်ဖို့၊ ကျေးရွာတွေအနီးမှာ စခန်းချတိုက်ခိုက်တာတွေမလုပ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ NRPC ၊ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ အမြန်ဆုံးဆွေးနွေးပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ဖို့နဲ့ ရခိုင်ပြည်နယ်အခြေအနေဟာ စစ်ရေးအရဖြေရှင်းလို့မရနိုင်တဲ့ အတွက် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာကြဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW