နွေရာသီ အပူဒဏ်သက်သာစေဖို့ နေပူခံအမိုးတွေ မန္တလေးမြို့က မီးပွိုင့်တချို့မှာ ပြုလုပ်ပေးနေ

မန္တလေး၊ ဧပြီ ၂၃-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့မှာ နေ့အပူချိန် မြှင့်တက်နေချိန် ယာဉ်အသုံးပြုသူတွေ ရာသီဥတု အပူဒဏ်သက်သာစေဖို့ ရည်ရွယ်ပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က နေအပူဒဏ်ကာကွယ်တဲ့ အမိုးတွေ မီးပွိုင့် အချို့မှာ တပ်ဆင်ပေးနေပြီ ဖြစ်ပါတယ်။

 

မန္တလေးမြို့ရဲ့ ပုံမှန်နေ့အပူချိန်က တစ်နေ့ထက် တစ်နေ့ ပိုများလာခဲ့ပြီး သင်္ကြန်အတက်နေ့က နေ့အပူချိန် ၄၂ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ထိ ရောက်ရှိလာခဲ့ပါတယ်။

 

“အခု ရာသီဥတုအပူချိန်က ၄၃ ဒီဂရီထိ ရောက်လာတော့ စပြီး စဉ်းစားရပြီ၊ မနေ့ကမှ အစည်းအဝေးထိုင်ပြီး လုပ်ဖြစ်တာပါ၊ ပထမဆုံး စမ်းသပ်ဆောင်ရွက်တာအလှူရှင်က Propose လုပ်တဲ့အတွက် စမ်းသပ်ဆောင်ရွက်တာပါ ” လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။

 

တပ်ဆင်ပေးမယ့် နေအပူဒဏ်ကာကွယ်တဲ့ အမိုးတွေကို နွေရာသီကာလ နေ့အပူချိန်မြှင့်တက်နေချိန်မှာ တပ်ဆင်ထားမှာဖြစ်ပြီး မိုးရာသီ နဲ့ ဆောင်းရာသီတွေမှာ ဖြုတ်သိမ်းထားမှာပဲ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ စောင့်ရတဲ့ မီးပွိုင့် နဲ့ ယာဉ်ကြောကြပ်တဲ့ နေရာတွေမှာ အမိုးတွေကို တပ်ဆင်ပေးသွားမှာဖြစ်ပြီး လက်ရှိမှာ ချမ်းမြသာစည်မြို့နယ် ၇၈လမ်း၊ စစ်ကိုင်း-မန္တလေးလမ်းခွဲထောင့်မှာ စတင် တပ်ဆင်နေပြီ ဖြစ်ပါတယ်။

 

#voiceofmyanmar#နေပူခံအမိုး #ဒေါက်တာရဲလွင် #မန္တလေး

 

Related posts

Leave a Comment

VOM News

FREE
VIEW