ဖမ်းဆီးခံမြောက်ဦးဒေသခံတွေထဲက သေဆုံးသူတစ်ချို့ရှိနေပြီး မိသားစုတွေကိုအကြောင်းကြားခြင်းမရှိသေး

မြောက်ဦး၊ ဧပြီ ၂၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကကျေးရွာက ဒေသခံ ၂၇ ဦးတို့ကို ဧပြီလ ၁၀ ရက်နေ့မှာ သံသယရှိတယ်ဆိုပြီး တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အဲ့ဒီဖမ်းဆီးခံခဲ့ရသူ ၂၇ ဦးထဲမှာ သေဆုံးသွားသူ သုံးဦးရှိခဲ့ပြီးတော့ အဲ့ဒီသေဆုံးသွားတဲ့သူတွေအပြင် ကျန်ရှိနေသူတွေကို ဘယ်နေရာမှာ ထားရှိတယ်ဆိုတာကို သိခွင့်ရဖို့အတွက် မိသားစုဝင်တွေက ဧပြီ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့တွေ့ဆုံပြီး အကူအညီတောင်းခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

“ကျွန်တော်တို့ကတော့ ဒီကနေ့မှာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌတို့နဲ့တွေ့ခဲ့တယ်။ အဲ့ဒီမှာ အကူအညီတောင်းခဲ့တယ်။ မိသားစုတွေနဲ့တွေ့ခွင့်မရဘူးဖြစ်နေတယ်။ တချို့သေသွားပြီဆိုတာကို အွန်လိုင်းပေါ်ကနေပဲ သိနေရတယ်။ အကြောင်းလည်းမကြားဘူး။ တွေ့ခွင့်လည်းမရဘူး။ ဒါကြောင့် ဘာကြောင့်သေတယ်။ ကျန်တဲ့လူတွေကို ဘယ်မှာထားတယ်ဆိုတာကို သိခွင့်ရဖို့အတွက် အကူအညီတောင်းခဲ့တာပါ။”လို့ ဦးမောင်ညွန့်သာက ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီဖမ်းဆီးခံနေရတဲ့ လက္ကာကျေးရွာသားတွေကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရှိရဘဲ အဲ့ဒီထဲက သုံးဦးဟာ သေဆုံးသွားပြီဆိုတာကိုပဲ အစိုးရက အတည်ပြုပြောကြားတယ်လို့ လွှတ်တော်ဥက္ကဌက ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ သေဆုံးသူတွေနဲ့ပါတ်သက်လို့ တပ်မတော်ဘက်က ပြောဆိုတဲ့ အကြောင်းပြချက်တွ အပေါ်မှာ အယုံအကြည်မရှိကြောင်း သူကပြောပါတယ်။

“လက္ကာရွာက ဖမ်းဆီးသွားတဲ့ ၂၇ ဦးထဲကနေ သုံးဦးဟာ သေဆုံးသွားပြီဆိုတာကို ကျွန်တော်တို့ သိရတယ်။ အစိုးရအဖွဲ့ကလည်း အတည်းပြုပြောကြားတာပေါ့။ သေဆုံးသူတွေကတော့ ဦးမောင်သန်းနု၊ ဦးသိန်းထွန်းစိန်၊ မောင်ဇော်မျိုးထွန်း သူတို့ဖြစ်ပါတယ်။ အဲ့ဒီလူတွေဟာ ရောဂါနဲ့သေတယ်။ ကိုယ့်ကိုကိုယ်သတ်သေတယ်။ ဆေးပြတ်လို့သေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကတော့ တပ်မတော်ကပြောဆိုတာတွေပဲဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကပြောပါတယ်။

“ဒီလူတွေကို မိသားစုတွေတွေ့ခွင့်ရဖို့အတွက် အကူအညီလာတောင်းတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့တော့ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပေးသွားမှာဖြစ်တယ်။ အခုလိုမျိုး သေဆုံးသူတွေကို မိသားစုတွေဆီ အကြောင်းမကြားတဲ့ အပေါ်မှာတော့ ဒါဟာ မဖြစ်သင့်ဘူးလို့ပဲပြောချင်တယ်။ လွှတ်တော်ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ လုပ်သင့်တာတွေ ကို လုပ်ဆောင်သွားဖို့ရှိနေပါတယ်။”လို့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

ဖမ်းဆီးခံကျေးရွာသားတွေထဲက သေဆုံးသူသုံးဦးတို့နဲ့ပါတ်သက်ပြီး မိသားစုတွေကို အသိပေးခြင်းမရှိခြင်း၊ အလောင်းတွေကို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းမရှိတဲ့အတွက် ဘာအတွက်သေဆုံးသွားတယ်ဆိုတာကို အဖြစ်မှန်သိခွင့်ရရှိရေးအတွက် မကြာခင်ကျင်းပပြုလုပ်မယ့် ဒသမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ ဦးထွန်းသာစိန်ကပြောပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #ဖမ်းဆီးခံ

Related posts

Leave a Comment

VOM News

FREE
VIEW