အလုပ်ရှင် အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေး ဖြစ်ဖို့အတွက် ရန်ကုန်တိုင်း အစိုးရလိုလား

ရန်​ကုန်​ ၊​မေ ၁-၂၀၁၉

သူရိန် ( VOM)

 

အလုပ်ရှင် အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေး ဖြစ်ဖို့ အတွက် ရန်ကုန်တိုင်း အစိုးရက လိုလားတယ်​လို့​ မေ ၁ ရက်​က လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာကွင်း၌ ၁၂၉ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေး) အခမ်းအနား မှာ ရန်​ကုန်​တိုင်း ဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းက​ပြောကြားလိုက်​ပါတယ်​။

 

 

အလုပ်သမားနှင့် အလုပ်ရှင်ကြားက ဆက်ဆံရေးမှာဆိုရင်​ အချိန်​ကာလတခုမှာ အလုပ်ရှင်​တွေဘက်က အလုပ်သမား သမဂ္ဂ​တွေ ထူထောင်ပြီဆိုရင်  ပြဿနာ ရှာမှာပဲလို့ ထင်တတ်ကြတယ်​။ အခု နောက်ပိုင်းမှာ အလုပ်ရှင် တော်တော်များများက အလုပ်သမား သမဂ္ဂရှိတာက တစ်ဦးတစ်ယောက်ချင်းကို  စကားပြော ရတာထက် ခေါင်းဆောင်ကိုပဲ စကားပြောလိုက်ရင် အဆင်ပြေသွားမယ်​ဆိုတဲ့ အတွေးအခေါ် အယူအဆ ပြောင်းလဲနေတဲ့ကာလဖြစ်ပါတယ်​။ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်နိုင်ဖို့အတွက်​ကြိုးစားနေပါတယ်​။ အလုပ်ရှင်​အလုပ်သမား ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက လိုလားပါတယ်​လို့ဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းက ​ပြောကြား​ထားပါတယ်​။

 

 

အလုပ်သမားနေ့(​မေ​ဒေး)မှာ ရန်​ကုန်​ ၊ မန္တ​လေးကအလုပ်သမား​တွေက စီတန်းလှည့်လည်ချီတက်ပြီး အလုပ်သမားရပိုင်ခွင့် အခွင့်အရေးတွေကို တောင်းဆို ဆန္ဒပြခဲ့ကြသလို ၊ လုပ်ခလစာ တနှစ်တကြိမ် ပြန်လည်​ သုံးသပ်ပြင်ဆင်ပေးရေး၊ အလုပ်သမားတရားရုံး အမြန်ဆုံး ပေါ်ပေါက်ရေး၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်နည်းဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရေး၊ သမဂ္ဂဖြိုခွဲမှုတွေကို ထိရောက်စွာအရေးယူပေးရေး၊ အလုပ်သမား ဥပဒေပြင်ဆင်ရေးဆွဲရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းရေးဆွဲပေးရေး စတဲ့အချက်တွေနဲ့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

 

 

အလုပ်သမားတွေအနေနဲ့တော့ ဒီနေ့အချိန်ထိ အလုပ်သမားအခွင့် အရေးတွေပြည့်ပြည့်ဝဝ မရရှိသေးလို အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ခွင့်မရတာတွေလည်း ရှိနေတယ်​။ အလုပ်သမားတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကလည်း ပြင်ဆင်သင့်တဲ့ ဥပဒေတွေ ပြင်ဆင်တာ၊ အသစ်ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတွေပြဋ္ဌာန်းနေသလို အစိုးရကလည်း ဥပဒေတွေနဲ့အညီ ကြပ်မှတ်စစ်ဆေးဖို့ လိုတယ်လို့  ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ကိုမင်းမင်းလတ်က ပြောပါတယ်။

 

 

၂၀၁၈ ဧပြီ ၁ ရက်ကနေ ၂၀၁၉ ဖေဖော်ဝါရီ ၂၈ ရက်အထိ အစိုးရဌာနဆိုင်ရာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၀၀၀ ကျော်နဲ့ ပုဂ္ဂလိက ကဏ္ဍမှာ ၂၁၀၀၀၀ ကျော်အလုပ်အကိုင် ရရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၆၉ ခုကနေ နိုင်ငံပေါင်း ၉ နိုင်ငံကို အလုပ်သမားပေါင်း၂၂၈၀၀၀ ကျော်စေလွှတ်နိုင်ခဲ့တယ် လို့လည်း ထုတ်ပြန်ပါတယ်။

 

 

မြန်မာနိုင်ငံမှာ အလုပ်သမားဦးရေ ၂၂ သန်းကျော်ရှိပြီး တရားဝင်မှတ်ပုံတင် ဆောင်ရွက်နေတာက ၂ သိန်းကျော်သာရှိတယ်လို့  သက်ဆိုင်ရာကနေသိရပါတယ်။

 

 

 

#voiceofmyanmar #အလုပ်သမားနေ့ #မေဒေး #

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW