ကောလင်းမြို့နယ်မှာ ကားစီးရင်မမူးတဲ့ ဆေး သောက်ရာက သေဆုံး

ကောလင်း မေ ၅၊၂၀၁၉

မိုင်ချယ်ရီ ( VOM)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ  ကားစီးရင် မမူးဖို့ ဆေးသောက်ရာက လူသေဆုံးတဲ့ ဖြစ်စဉ်တခု မေလ ၄ ရက်နေ့ မနက်ပိုင်း က ဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့မရဲစခန်း ကနေ သိရပါတယ်။

ကောလင်းမြို့နယ် စွယ်ရကျေးရွာမှာနေထိုင်တဲ့ မအိချောမွန် (၁၇) နှစ် ဟာဆိုရင် မေလ ၄ ရက်နေ့ နေ့လယ်ပိုင်းကား နဲ့ ကောလင်းမြို့ကနေ မန္တလေးမြို့ကို သူ့ရဲ အမေဖြစ်သူ နဲ့ သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒီလို စီစဉ်ထားတာကြောင့် မနက် ၆ နာရီ အချိန်ခန့်က သားအမိ နှစ်ဦး ဟာဆိုရင် Stugeron တံဆိပ်ပါတဲ့ ကားမူပျောက်ဆေး တစ်ဦးကို တစ်ပြား သောက်သုံးခဲ့ပါတယ်။ အဲ့ဒီဆေး သောက်ပြီး ခဏအကြာ မှာ မချောအိမွန် ဟာ ခေါင်းမူတယ်ဆိုတာကြောင့် သူ့ရဲ့ အိပ်ခန်းအတွင်းမှာသွားရောက် အိပ်နေခဲ့ပါတယ်။

 

အဲဒီလို အိပ်နေရာကနေ မနက် ၉ နာရီအချိန်ခန့် ခရီးသွားဖို့ အတွက် သူမ အိပ်နေတဲ့ အိပ်ခန်းအတွင်း ၀င်ခေါ်ရာမှာ မချောအိမွန် ရဲ့ နှာခေါင်းမှာ အမြုပ်တွေ ထွက်နေပြီး ပါစပ်ကနေလဲ သွေးတွေ ထွက်ကာ သေဆုံးနေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်တယ်လို့ သွားရောက် စစ်ဆေးခဲ့တဲ့ ကောလင်းမြို့မရဲစခန်း က ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။

ဒီဖြစ်စဉ် နဲ့ ပတ်သက်ပြီး ကောလင်းမြို့မရဲစခန်း မှာ သေမှုသေခင်း အမှတ် ၁၁/၂၀၁၉ နဲ့ အမှုဖွင့်လှစ်ထားပြီး ဆေးသောက်လို့ သေတာ ဟုတ်မဟုတ် ဆိုတာကို အသေးစိတ် ဆက်လက်စစ်ဆေးနေတယ်လို့ ကောလင်းမြို့မရဲစခန်း ကနေ သိရပါတယ်။

 

ဒီလိုကားမူးပျောက်ဆေးကို ကားမူးတတ်သူတိုင်း သောက်လေ့ရှိပြီး အလွယ်တကူဝယ်လို့ရနိုင်တာမို့ ဒီဆေးသောက်တာနဲ့ အသက်ဆုံးရှုံးတယ်ဆိုတဲ့ ဖြစ်စဉ်ရှိဖူးလား ဖြစ်တတ်သလားလို့  ကျမ္မာရေးဝန်ကြီးဌာနမှာ လက်ရှိတာဝန်ထမ်းနေဆဲ ဆရာဝန်တယောက်ကို မေးကြည့်တော့

 

“ဒီဆေးဆိုတာက သူများနိုင်ငံတွေမှာလည်း ဆရာဝန်ညွန်ကြာချက်မလိုပဲ ကိုယ့်ဟာကို ၀ယ်သောက်လို့ရတယ်။ ဘာလို့ အဲ့လို ၀ယ်သောက်လို့ရလဲ ဆိုတော့ ဆေးမှာ အင်္ဂလိပ်လို ရေးထားတဲ့ အညွန်းတွေကို ကောင်းကောင်းဖတ်တတ်တယ်။ မြန်မာနိုင်ငံမှာက ကောင်းကောင်းမဖတ်တတ်ဘူး။ သူများတွေလဲ ဒီဆေးသောက်တယ် ငါလဲဒီဆေးသောက်မယ်ပေါ့။ ပြောချင်တာက ဆေးတိုင်းမှာ တစ်ရာရာခိုင်နှုန်း လူတိုင်းနဲ့ မတည့်ဘူး။ အနည်းနဲ့ အများ ဘေးထွက်ဆိုးကျိုးဆိုတာတော့ ရှိတာပေါ့။တစ်သိန်းမှာ တစ်ယောက် တစ်သန်းမှာတစ်ယောက် မတည့်တာမျိုးတွေလဲ ရှိတတ်တာပေါ့။ ရှိတတ်တာအပြင် ဘာတွေ စဉ်းစားရအုံးမလဲ ဆိုတော့ ဒီလူနာက နို့တိုက်မိခင်လား၊ ကိုယ်ဝန်ဆောင်လား၊ အသည်းမကောင်းတော့ဘူးလား၊ ကျောက်ကပ်မှာရောဂါတစ်ခုခုရှိလား ၊ နှလုံးမှာရောဂါတစ်ခုခု ရှိလား ဥပမာ ဒီဆေးဆိုရင်လည်း အတက်ရောဂါရှိသူတွေ နှလုံးရောဂါရှိသူတွေ ကိုယ်ဝန်ဆောင်တွေ အဲ့လိုမျိုး လူတွေဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့မှ သောက်ရမယ်။ အဲ့ဒီတော့ ဒီသေဆုံးသွားတဲ့ သူသည် ဒီဆေးမသောက်ခင်က ဆရာဝန်ကို မပြပဲနဲ့ ဖြစ်နေတဲ့ ဘာရောဂါများ ရှိနေသလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။ အဲ့ဒီတော့ ရောဂါအခံတစ်ခုခုရှိလို့ ဒီဆေးသောက်လို့ ဖြစ်သွားတာလဲ ဖြစ်ကောင်းဖြစ်နိုင်သလို ဒါမှမဟုတ်ပဲနဲ့လည်း ဒီဆေးမသောက်ခင်မှာ ဘာများတစ်ခုခုစားခဲ့သလဲ ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်” လို့ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။

 

သက်ဆိုင်ရာ နယ်မြေရဲစခန်းကလည်း ဒီဖြစ်စဉ်မှာ  မှုခင်းဆရာဝန်ရဲ့ မှတ်ချက်ရမှ အသေးစိတ်ရှင်းရှင်းလင်းလင်း ပြောပြနိုင်မယ်လို့  ဆိုပါတယ်။

 

#voiceofmyanmar #stugeron  #ကောလင်း #ကားမူးပျောက်ဆေးသောက်ရာကသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW