ထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးရေး တရုတ်နိုင်ငံ လုပ်ဆောင်နေတယ်လို့ သမ္မတ ဆိုင်အင်းဝမ်ဆို

တိုင်ပေ၊ မေ-၁၀-၂၀၁၉

မျိုးဆက် (VOM)

 

 

ထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးမှုရရှိဖို့နဲ့  စိမ့်ဝင်ထိုးဖောက်ဖို့အတွက် တရုတ်နိုင်ငံက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က မေ ၁၀ ရက်က ပြောဆိုလိုက်ပြီး တရုတ်နိုင်ငံရဲ့ အားထုတ်လုပ် ဆောင်နေတာတွေကို တန်ပြန်ဖို့ ထိုင်ဝမ်အမျိုးသားလုံခြုံရေး ဌာနတွေကို ညွှန်ကြား ထားတယ်လို့သူမက ပြောပါတယ်။

 

ထိုင်ဝမ်ရွေးကောက်ပွဲတွေကို ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားတာတွေ သတင်းတုဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ အားထုတ်မှုတွေအပါအ၀င် သြဇာလွှမ်းမိုးရေး လှုပ်ရှားမှုတွေကို တရုတ်နိုင်ငံက လုပ်ဆောင်နေတယ်လို့  အမျိုးသားလုံခြုံရေး အစည်းအဝေးတစ်ရပ်အပြီးမှာ ဆိုင်အင်းဝမ်က သတင်းထောက်တွေကိုပြောပါတယ်။

 

တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့  လှုပ်ရှားမှုအသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းတွေကို ထိုင်ဝမ်အမျိုးသား လုံခြုံရေးဌာနတွေက ရှာဖွေနေတယ်လို့ သူမကပြောပါတယ်။

 

 

ထိုင်ဝမ်အနေနဲ့ စစ်ရေးကျူးကျော်တာတွေကို တားဆီးသွားမှာဖြစ်ပြီး ခေတ်မီစစ်လက်နက်ကိရိယာတွေ တပ်ဆင်တာနဲ့ မကြာသေးမီက စတင်ခဲ့တဲ့ ပြည်တွင်း ရေငုပ်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအပါအ၀င် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရေလက်ကြားမှာ  ကျူးကျော်တဲ့ လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေပြီး ပိုနေမြဲ ကျားနေမြဲအခြေအနေကို ဖျက်စီးနေတယ်လို့လည်း သမ္မတ ဆိုင်အင်းဝမ်က ပြောပါတယ်။

 

စစ်သင်္ဘောတွေ၊ ဗုံးကြဲလေယာဉ်တွေအပါအ၀င် စစ်ဘက်လေယာဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်ခန်းကို တရုတ်စစ်ဘက်က ထိုင်ဝမ်ရေလက်ကြားမှာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့ပါတယ်။

 

Ref & Photo : Reuters

#voiceofmyanmar #ထိုင်ဝမ် #တရုတ်

Related posts

✕
VOM News

FREE
VIEW