ရန်ကုန်တိုင်းအတွင်း    ဆိုင်ကယ်စီးခွင့်ရဖို့က ဝန်ကြီးချုပ်အပေါ်မှာ မူတည်

ရန်ကုန်၊ မေ ၁၀-၂၀၁၉

သိင်္ဂီ (VOM)

 

ရန်ကုန်တိုင်းအတွင်း    မော်တော်ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့ လုပ်ပေးခြင်းမပေးခြင်းက ဝန်ကြီးချုပ်အပေါ်မှာ မူတည်တယ်လို့ ရန်ကုန်တိုင်းအတွင်း  ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရှိရေး လှုပ်ရှားနေသောကော်မတီ တာဝန်ခံ ကိုဝင်းကျော်မောင်က ပြောပါတယ်။

 

လာမယ့် မေလ ၁၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် ၊လွှတ်တော် အပါအဝင် သက်ဆိုင်ရာဌာနတွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်ဥပဒေနဲ့အညီ မော်တော်ဆိုင်ကယ်စီးခွင့် ပြန်လည်ပေးအပ်ဖို့ ပြည်သူ့ဆန္ဒ သဘောထားရေးထိုးထားတဲ့ လက်မှတ်တွေနဲ့အတူ တရားဝင်တင်ပြတောင်းဆိုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

” ပြည်သူဆန္ဒ ပြည်သူတစ်ယောက်အနေနဲ့ ဆိုရင် ခုစာတင်တဲ့နည်းလမ်း နဲ့မရရင် နောက်နည်းလမ်းနဲ့တောင်းဆိုမယ်၊ ဝန်ကြီးချုပ်လုပ်ပေးခြင်းမလုပ်ပေးခြင်းကတော့ သူ့အပေါ်မူတည်တယ်။ ရန်ကုန်ထဲမှာ ybs မရောက်တဲ့နေရာတွေအများကြီးရှိတယ်။ အဲ့နေရာတွေအတွက် ဆိုင်ကယ်စီးနင်းခွင့်မဖြစ်မနေလိုတယ်။ နေရာတိုင်း ybs မရောက်နိုင်ဘူး”လို့ တာဝန်ခံ ကိုဝင်းကျော်မောင်ကပြောပါတယ်။

 

အစိုးရ ရုံးတွေအခြေစိုက်ရာ နေပြည်တော်အပါအဝင် ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ မော်တော်ဆိုင်ကယ်တွေကို တရားဝင် လိုင်စင်စနစ်နဲ့ စီးနင်းခွင့်ပေးထားတာကြောင့် လူဦးရေထူထပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုအများဆုံး ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့မှာလည်း ဆိုင်ကယ်စီးနင်းခွင့်ကို ဥပဒေနဲ့အညီ စီးနင်းခွင့်ပြုပေးဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။

 

ခုလို ဆိုင်ကယ်တွေ စီးနင်းခွင့်တောင်းဆိုတာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နေ ကိုဝင်းကြိုင် ပြောတာကတော့” ရန်ကုန်က ကားပိတ်တယ်၊လူကျပ်တယ်၊ဆိုင်ကယ်ထပ်တိုးလာမယ်ဆိုရင် ယာဉ်မတော်တဆမှုတွေပိုဖြစ်လာနိုင်တယ်။နောက်ပြီး အလုအယက်တွေရောစိုးရိမ်စရာရှိတယ်။ ဥပဒေနဲ့သေချာထိန်းနိုင်မယ်ဆိုရင်တော့တမျိုးပေါ့။ ဒါပေမယ့် မထင်ပါ ဘူးဗျာ။” လို့ ဝေဖန် ထောက်ပြခဲ့ ပြောဆိုပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြုဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီး စီးခွင့်မပြုသင့်ဟုဆိုကာ ဝေဖန်မှုတွေရှိနေသလို ထောက်ခံကြိုဆိုတဲ့သူတွေလည်းရှိနေတာလည်း တွေ့ရပါတယ်။ထောက်ခံကြိုဆိုသူအများစုကတော့ ဆင်ခြေဖုံးမြို့နယ်နေထိုင်သူအများစုဖြစ်ပြီး အဲ့ဒီမြို့နယ်တွေမှာ ybs တိုက်ရိုက်မရောက်တဲ့နေရာတွေဆို ybs တဆင့် ၊ ဆိုင်ကယ်တဆင့် စီးနင်းရတဲ့အခြေနေမျိုးတွေရှိနေတယ်လို့သိရပါတယ်။

 

ဆိုင်ကယ်စီးနင်းခွင့်ပြုလိုက်ခြင်းကြောင့် ဒုစရိုက်မှု ပိုဖြစ်လာနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို လက်မခံကြောင်း ၊ ဆိုင်ကယ်က သက်မဲ့ဖြစ်တဲ့အတွက် ဆိုင်ကယ်စီးနင်းသူနဲ့သာသက်ဆိုင်တာကြောင့် စည်းကမ်းမဲ့မောင်းနှင်တဲ့သူတိုင်းကို ဥပဒေအရအရေးယူပြီး စည်းကမ်းတကျနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်သူတွေအတွက် စီးနင်းခွင့်ကို တောင်းဆိုရခြင်းဖြစ်တယ်လို့  စီးခွင့်ရဖို့ကြိုးစားနေသူတွေက ပြောပါတယ်

 

#vocieofmyanmar #ရန်ကုန် #ဆိုင်ကယ်စီးခွင့် #YBS

Related posts

Leave a Comment

VOM News

FREE
VIEW