မုံရွာမြို့ အလုံတိုက်နယ်တွင် အပူရှောင်စခန်းဖွင့်လှစ်

မုံရွာ၊ မေ ၁၃၊ ၂၀၁၉

ရန်နိုင်စိုး

 

ရာသီဥတု ပူပြင်းတဲ့အတွက် မုံရွာမြို့ အလုံတိုက်နယ်အတွင်းမှာရှိတဲ့ ခံတောရပ်ကွက် ရတနာပုံကျောင်းတိုက်မှာ နွေရာသီအပူရှောင်စခန်းကို မေလ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါမှာတော့ အနီးနားဝန်းကျင်က ဒေသခံများ လာရောက်ခိုလှုံကြရာ အများစုကတော့ သက်ကြီးရွယ်အိုများဖြစ်ကြပါတယ်။

 

” ကျနော်တို့အနေနဲ့ ဒီစခန်းဖွင့်လှစ်ဖို့ အရင်ဆုံး ဒီကျောင်ထိုင်ဆရာတော်နဲ့ တိုင်ပင်ကြည့်တယ်။ ဆရာတော်ကလဲ ခွင့်ပြုတော့ စလုပ်ဖြစ်တာ။ စခန်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ အများပြည်သူတွေအနေနဲ့ အခုအပူချိန်ကို တော်တော်ရင်ဆိုင်နေရတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ၊ မကျန်းမာတဲ့လူတွေနဲ့ ကလေးသူငယ်တွေက ပိုဆိုးတယ်။ အဲ့တော့ အားလုံးကို အပူဒဏ်ခံနိုင်ရည်ရှိအောင် အခုလိုစီစဉ်ရတာပါ ” လို့ အလုံတိုက်နယ် ခံတောရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးခိုင်ဆွေမြတ်က ပြောပါတယ်။

 

အပူရှောင်စခန်းကို အဆိုပါကျောင်းတိုက်အတွင်းက ဓမ္မာရုံမှဖွင့်လှစ်ထားရှိပြီး လျှပ်စစ်မီးမလာတဲ့ အချိန်တွေမှာလည်း မီးစက်မောင်းကာ ပန်ကာများဖွင့်ပေးထားသလို ဖျော်ရည် အအေးစသဖြင့် အစားအသောက်များနဲ့လည်း ဧည့်ခံကျွေးမွေးလျှက်ရှိပါတယ်။

 

” အဖွားတို့က အိမ်မှာ နေရာကလဲ ကျဉ်းတယ်။ လေကောင်းလေသန့်မလဲ သိပ်မရကြဘူး။ အပူရှိန်ကလဲ ပြင်းတော့ နေလို့ထိုင်လို့ကလဲ မရဖြစ်ကြရတယ်။ ဒီကြားထဲ လျှပ်စစ်မီးက မလာတော့ ပိုးဆိုးတာပေါ့။ ဒီမှာတော့ ပန်ကာတွေလဲ မီးစက်နဲ့ ဖွင့်ပေးတယ်ဆိုတော့ အဆင်ပြေတယ်။ မီးလာရင် တရားခွေဖွင့်ပေးထားတော့ တရားအားထုတ်လို့လဲရတယ်ပေါ့ ” လို့ ခံတောရပ်ကွက်မှ ဒေါ်အမာရင်မှ ပြောပါတယ်။

 

အပူရှောင်စခန်းအတွက် ရတနာပုံကျောင်းထိုင်ဆရာတော်မှ ထောက်ပံ့ပေးထားသလို ဒေသခံတွေကလဲ ပံ့ပိုးပေးထားပါတယ်။

 

မုံရွာမြို့ပေါ်မှာ အပူရှောင်စခန်း ၅ ခု ပြုလုပ်ရန် အစီစဉ်ရှိကြောင်း ကြားသိရပေမယ့်လည်း ယခုချိန်ထိ အကောင်ထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။

 

ယခု ဖွင့်လှစ်တဲ့ အပူရှောင်စခန်းကတော့ မုံရွာမြို့နယ်အနေနဲ့ ပထမဆုံး ဖွင့်လှစ်တဲ့ အပူရှောင်စခန်းပဲ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW