ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ စစ်ဘေးရှောင်စခန်းတွေကို သွားခွင့်မရ

စစ်တွေ၊ မေ ၁၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့စီစဉ်ထားပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ ဆိုပါတယ်။

 

သူတို့အဖွဲ့ဟာ မေလ ၁၂ ရက်နေ့ညနေပိုင်းမှာ စစ်တွေမြို့ကိုရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေနေထိုင်နေကြတဲ့ ကယ်ဆယ်ရေးခစန်းတွေကို သွားရောက်လေ့လာဖို့အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို နှစ်ရက်အကြာရောက်ရှိနေတာဖြစ်ပါတယ်။

 

 

“အထူးသဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ AA နဲ့ တပ်မတော်တို့တိုက်ပွဲအကြားမှာရှိတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေဆီကို သွားဖို့အတွက် အထူးပဲစိတ်ဝင်စားပါတယ်။ ဒါပေမယ့် သွားဖို့အတွက်လည်း သွားလာခွင့်ကို တင်ပြခဲ့တယ်။ ခွင့်ပြုချက်မရခဲ့ဘူး။ လုံခြုံရေးအခြေအနေအရသွားခွင့်မပြုဘူးလို့ပြောပါတယ်။ ဒါကြောင့် ခွင့်ပြုချက်ရတဲ့နေရာတွေကိုပဲ သွားခဲ့တာပါ။”လို့ ဒါးပိုင်ကယ်ဆယ်ရေးစခန်းက အပြန်မှာ သတင်းထောက်တွေကို မစ္စအာရ်ဆူလာမြူလာကပြောကြားခဲ့ပါတယ်။

 

ခရီးစဉ်မှာပါရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို သွားခွင့်မရရှိခဲ့တာကြောင့် စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ဒါးပိုင်ကယ်ဆယ်ရေး ခစန်းအပါအဝင် ဒုက္ခသည်စခန်းတချို့ကို သွားရောက်ပြီး စခန်းမှာနေထိုင်သူတွေရဲ့ အခက်အခဲတွေကို လေ့လာမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

“ကျန်းမာရေးနဲ့ ပညာရေးတွေမှာ အားနည်းချက်တွေ အများကြီးရှိနေတယ်။ မြို့ပေါ်မှာနေခဲ့တဲ့အချိန်က အဆင်ပြေပေမယ့် အခုက ဒီမှာနေရတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ သားသမီးတွေရဲ့ပညာရေးအားနည်းချက်တွေရှိနေတယ်။ ကျန်းမာရေးအတွက်လည်း ဆေးကုသခွင့်တွေ မရရှိဘဲဖြစ်နေပါတယ်။ ပြီးတော့ ဒီမှာက ၉ ပေပတ်လည်အခန်းလေး တစ်ခုမှာ နေရတာက တော်တော်လေးကို အခက်အခဲတွေရှိတယ်ဆိုတာတွေကို တင်ပြလိုက်ပါတယ်။”လို့ ဒါးပိုင်ကယ်ဆယ် ရေးစခန်း ကော်မတီအဖွဲ့ဝင် ဦးကျော်လှကပြောပါတယ်။

 

အဲ့ဒီအဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ စစ်ဘေးရှောင် စခန်းတွေကို ရောက်ရှိနေကြတဲ့ ကျေးရွာသားတွေကို မိုးမကျမီ နေရပ်ပြန်လည်သွားရောက် နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့နဲ့ အဲ့ဒီရွာသားတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးသွားဖို့အတွက် အဆင်သင့်ရှိနေ ကြောင်း ပြောကြားခဲ့ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW