လာမယ့် ခရီးသွားရာသီမှာ အနောက်နိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ မျှော်လင့်

ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉

သိင်္ဂီ (VOM)

 

မြန်မာ့ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အခန်းကဏ္ဍကို မြှင့်တင်ဖို့ဆိုရင်  လာမယ့် ခရီးသွားရာသီမှာ အနောက်နိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့် ပြုဖို့ မျှော်လင့်တယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။

 

“မနှစ်ကလည်း အောက်တိုဘာမှာ ခွင့်ပြုထားတာဆိုတော့ ဒီနှစ်လည်း အောက်တိုဘာမှာခွင့်ပြုဖို့ များပါတယ်။  ပွင့်လင်းရာသီလည်းဖြစ်သလို ခရီးသွားကာလလည်းဖြစ်တော့ အဲ့ချိန်လောက်ပေးဖို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့တင်ပြထားတဲ့ နိုင်ငံတွေရှိတယ်။ အဲဒီနိုင်ငံတွေကို ပေးဖို့လည်း မျှော်လင့်ထားတယ်။ ရမယ်လို့လည်း ထင်ပါတယ်။ အဲဒီနိုင်ငံတွေကိုသာ ဗီဇာဖြေလျှော့ပေးလိုက်ရင် ခရီးသွားကဏ္ဍအတွက် အများကြီးဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။” လို့  ဦးနောင်းနောင်းဟန်က ပြောပါတယ်။

 

အနောက်ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ စပိန် ၊ အီတလီ နိုင်ငံနဲ့ အရှေ့ဥရောပနိုင်ငံဖြစ်တဲ့ ပိုလန်နဲ့ ရုရှားတို့ကို ဗီဇာကင်းလွတ်ခွင့် ပြုပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ပထမအကြိမ် ဗီဇာဖြေလျော့ခွင့်ကို အာဆီယံနိုင်ငံတွေကို ပေးခဲ့တာဖြစ်ပြီး အခုတခါ အလားအလာကောင်းတဲ့ အနောက်နိုင်ငံတွေကိုသာ  ဗီဇာကင်းလွတ်ခွင့်ထပ်ပေးမယ်ဆိုရင် ခရီးသွားကဏ္ဍ တစ်ခုတည်းတင်မဟုတ်ဘဲ စီးပွားရေးကဏ္ဍအတွက်ပါ အကျိုးရှိနိုင်စေမယ်လို့ ဆိုပါတယ်။

 

၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံကို  နိုင်ငံခြားခရီးသွားဧည့်သည် ၃ သန်းကျော်ဝင်ရောက်ခဲ့ပေမယ့်  ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံကို အနောက်ခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်းခဲ့ပါတယ်။

 

#voiceofmyanmar #ခရီးသွားရာသီမှာအနောက်နိုင်ငံတွေဗီဇာကင်းလွတ်ခွင့်ရဖို့မျှော်လင့် # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW