ထန်တလန်မြို့မှာ ယစ်မျိုးလိုင်စင် ချထားခြင်း ပိတ်သိမ်းပေးရေး လွှတ်တော်တွင် မေးခွန်းထုတ်

ထန်တလန်၊ မေ – ၂၃ – ၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ချင်းပြည်နယ် ထန်တလန်မြို့မှာ တရားဝင် ယစ်မျိုးလိုင်စင် ချပေးပြီး အရက်သေစာ ရောင်းချနေမှုကို အပြီးတိုင် ပိတ်သိမ်းပေးဖို့ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်နီရွှေလျန်းက မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။

 

ထန်တလန်မြို့နယ်အတွင်းမှာ ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်ကြပြီး မြို့နယ် ရပ်မိရပ်ဖ ဘာသာရေးခေါင်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေရဲ့ အရက်ကာကွယ်တိုက်ဖြတ်နှိမ်နှင်းရေး ဆုံးဖြတ်ချက်အရ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတောင်းဆိုခဲ့ရာ ၂၀၀၆ မှ ၂၀၀၈ ခုနှစ်အထိ တားမြစ်ပိတ်ပင်နိုင်ခဲ့ပါတယ်။

 

“သို့ရာတွင် ယစ်မျိုးလိုင်စင် ဈေးနှုန်း တစ်နှစ်ထက် တစ်နှစ် ပိုတက်လာပြီး ခရစ်ယာန်ဘာသာဝင် အသင်းတော်တွေမှာ ငွေကြေး အခက်အခဲ ရှိလာခြင်းကြောင့် လိုင်စင်ကို သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံခဲ့ကြပါတယ်။” လို့ ဒေါ်နီရွှေလျန်းက ပြောခဲ့ပါတယ်။

 

ဒါပေမယ့်  ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာတော့  အရက်လိုင်စင်တွေကို သက်ဆိုင်ရာကနေ ပုဂ္ဂလိက များထံ ပြန်လည်ချပေးပြီး လွတ်လပ်စွာရောင်းချပေးနေတာတွေကြောင့် လူငယ်များ ကျန်းမာရေး ထိခိုက်တာ၊ အကျင့်စာရိတ္တ ပျက်စီးလာတာတွေအပြင် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာတဲ့အတွက် ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်လာတယ်လို့ ဒေါ်နီရွှေလျန်းက ပြောပါတယ်။

 

အဲ့ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယ၀န်ကြီး ဦးတင့်မြင့်က ထန်တလန်မြို့နယ် အတွင်း ယစ်မျိုးလိုင်စင် အပြီးတိုင် ပိတ်သိမ်းပါက ပိုမိုပြီး တရားမ၀င်ယစ်မျိုး ၊တရားမ၀င် အရက်များ ၀င်လာပြီး ပိုအန္တရာယ် ရှိနိုင်တဲ့အတွက် မသင့်လျော်ဘူးလို့ ပြောပါတယ်။

 

လုံးဝ ပိတ်သိမ်းခြင်းဟာ အမေရိကန်၊ အိန္ဒိယ နိုင်ငံတွေရဲ့အတွေ့အကြုံတွေအရ အောင်မြင်မှုမရှိခဲ့သလို အထူးသဖြင့် ဒီမိုကရေစီနိုင်ငံလို နေရာမျိုးတွေမှာ ဘာသာစုံ၊ လူမျိုးစုံ ရှိနေတဲ့အတွက် အရက်ကို မြို့အနေနဲ့ တားမြစ်မယ့်အစား ဘာသာရေး ပုဂ္ဂိုလ်များက ဘာသာရေး အဆုံးအမနဲ့ ထိန်းသိမ်းကြပ်မတ်ဖို့၊ ဖမ်းဆီးအရေးယူမှုတွေကို  ယစ်မျိုးဥပဒေနဲ့ အညီဆောင်ရွက်မယ်ဆိုရင် အဆင်ပြေတယ်လို့လည်း ဖြေဆိုခဲ့ပါတယ်။

 

#voiceofmyanmar #ယစ်မျိုးလိုင်စင်ပိတ်သိမ်းပေးရေးလွှတ်တော်မှာမေးခွန်းထုတ် #ထန်တလန် #ချင်းပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW