ချေးငွေပြန်မဆပ်တဲ့ တောင်သူ ၂၀ ဦးကို အရေးယူထား

စစ်တွေ၊ ဇွန် ၁၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

မိုးစပါးစိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ်ထုတ်ချေးပေးနေတာမှာ တချို့တောင်သူတွေဟာ ပြန်လည်ပေးသွင်းခြင်းမရှိတဲ့အတွက် တောင်သူ ၂၀ ဦးခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တရားစွဲဆိုထားပါတယ်။

 

တရားစွဲဆိုထားတဲ့အကြောင်းကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးမန်နေဂျာ ဦးအေးသိန်း ပြောပြတာက

“ဒီလူတွေနဲ့ပတ်သက်ပြီးတော့ အရေးယူမှုကို အစောဆုံးကျန်တဲ့ကြွေးကစပြီးတော့ တကယ်ဆပ်နိုင်လျှက်နဲ့ မဆပ်ဘဲ ပေကပ်ကပ်လုပ်နေတဲ့သူတွေကို အရေးယူထားပါတယ်။ ဒါကလည်း ဥပဒေစိုးမိုးမှုကို လိုက်နာလာနိုင်အောင်အတွက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ရခိုင်တပြည်နယ်လုံးမှာတော့ တောင်သူ ၂၀ ဦးခန့်ကိုအရေးယူထားရှိပါတယ်။”လို့ ပြောပါတယ်။

 

အရေးယူထားတဲ့မြို့နယ်တွေကတော့ ကျောက်တော်မြို့နယ်အတွင်းမှာ ၁၂ ဦး၊ မြေပုံမြို့နယ်မှာ ၄ ဦးရှိပြီး တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ၂၀ ဦးခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ အရေးယူထားတာဖြစ်ပါတယ်။

 

“ပြီးခဲ့တဲ့နှစ်အထိကို ရခိုင်ပြည်နယ်မှာ ကြွေးပေါင်း ၇ ကြွေးလောက်ရှိတာပေါ့။ အကြွေးမဆပ်နိုင်တဲ့လူဦးရေ အကုန်လုံးက ၁၇၀၀ လောက်ရှိပါတယ်။ တချို့မြို့နယ်တွေဆိုရင် ရာဂဏန်းရှိသလို တချို့မြို့နယ်တွေမှာဆိုရင် ၁၀ ယောက် ၁၅ ယောက်လောက်ရှိပါတယ်။”လို့ ဦးအေးသိန်းကပြောပါတယ်။

 

၂၀၁၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီးမှာ ထုတ်ချေးပေးခဲ့တဲ့ ချေးငွေကနေ ပြီးခဲ့တဲ့နှစ်အထိ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်အနေနဲ့ ရရှိဖို့ကျန်နေတဲ့ကြွေးကျန်ပေါင်းဟာ ၁ ဒသမ ၇ ဘီလီယံထိရှိနေတယ်လို့သိရပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #စိုက်စရိတ်ချေးငွေ #ပြန်မဆပ်သူအရေးယူ #မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် #ကျောက်တော် #မြေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW