သူရဦးရွှေမန်းဘက်ကနေ ဒရိုင်ဘာတစ်ဦးက တရားလိုလုပ် တရားစွဲထားတဲ့အမှု သုံးဦးစုံမှ ရဲစခန်းစစ်မေးမှုကို လက်ခံမယ်လို့ ဦးလှဆွေပြော

နေပြည်တော်၊ ဇူလိုင် ၃ – ၂၀၁၉

ကိုထွန်း(VOM)

 

သူရဦးရွှေမန်းဘက်ကနေ ဒရိုင်ဘိုင်တစ်ဦးဖြစ်သူက ဦးလှဆွေ၊ ဦးရဲထွဋ်နဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်လွတ်လုံ ပုဒ်မနဲ့ တရားစွဲဆိုထားတဲ့အမှုမှာ သုံးဦးစလုံး ဆုံမှ ရဲစခန်းကမေးမြန်းမှုတွေကို လာရောက်ဖြေဆိုပေးမယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ(ဘူးလက်လှဆွေ)က ပြောပါတယ်။

 

“တရက်တည်းမှာ သုံးယောက်လုံးကိုစွဲတာပေါ့နော်။ ပုဒ်မက ဒီပုဒ်မပဲ။ ဆိုတော့ ကျနော်က ဗမာပြည်မှာရှိတယ်၊ ဟိုလူနှစ်ယောက်က ဗမာပြည်မှာမရှိဘူး။ တယောက်က အမေရိကားမှာ၊ တယောက်က စင်္ကာပူမှာ။ ဆိုတော့ သုံးယောက်ဆုံရင်ကျုပ်ကို ခေါ်လိုက်လို့ ပြောလိုက်တယ်။” လို့ ဦးလှဆွေ(ဘူးလက်လှဆွေ) ဒီနေ့မှာ ပြောပါတယ်။

 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ ဧပြီလက ဦးရဲထွဋ်(ပြန်ကြားရေးဝန်ကြီးဟောင်း)၊ ဦးလှဆွေ(ဘူးလက်လှဆွေ)၊ ဦးဘိုဘိုကျော်ငြိမ်း (မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ)တို့ဟာ လူထုမီဒီယာနဲ့ တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့တာတွေက သူရဦးရွှေမန်းရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင်၊ အကြည်ညိုပျက်အောင် ဖြေကြားခဲ့တဲ့အပြင် ပါတီထူထောင်ရာမှာ အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေတဲ့ အသုံးအနှုန်းတွေ ပြောဆိုခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့တယ်လို့ သူရဦးရွှေမန်းဘက်က ဒရိုင်ဘာတစ်ဦးဖြစ်သူ ဦးမျိုးမင်းလတ်က စွပ်စွဲပါတယ်။

 

ဒါကြောင့် သူရဦးရွှေမန်းရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်နစ်နာစေတဲ့အတွက် သူတို့သုံးဦးကို  ဥပဒေအရ အရေးယူပေးဖို့ ဦးမျိုးမင်းလတ်က တရားလို ပြုလုပ်ပြီး ဧပြီ ၃၀ ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှာ တိုင်တန်းခဲ့တဲ့အတွက် နိုင်လွတ်လုံပုဒ်မလို့ခေါ်တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ အရ  အမှုဖွင့်ထားတယ်လို့ ရဲစခန်း တိုင်တန်းချက်အရ သိရပါတယ်။

 

“တပည့်ထဲက တစ်ဦးဦးက မခံနိုင်လို့ထပြီးလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဘနဲ့ ကျနော်တို့မသိသေးပါဘူး။ အဘသဘောတူညီမှုလည်း မပါပါဘူး။ သို့သော် စွဲခဲ့သည့်တိုင် စွဲသူရဲ့အခွင့်အရေးဖြစ်လို့ အဘက ဝင်စွက်မှာ မဟုတ်ပါဘူး။”လို့ ဦးရွှေမန်းနဲ့ နီးစပ်သူအသိုင်းအဝိုင်းက ပြောပါတယ်။

 

သူရဦးရွှေမန်းဘက်က မသိရှိသေးဘူးလို့ နီးစပ်သူအသိုင်းအဝိုင်းရဲ့ပြောဆိုမှုတွေအရ သတင်းတွေထွက်လာပေမယ့် ဦးလှဆွေကတော့ သူစုံစမ်းသိရှိမှုတွေအရ ဒရိုင်ဘာ ဦးမျိုးမင်းလတ် အမှုလာဖွင့်စဉ်မှာ ဦးရွှေမန်းရဲ့ ဥပဒေအကြံပေးတစ်ဦးလည်း ပါတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဦးလှဆွေက “ကျနော်တို့ပြောတာက ကျနော်တို့သုံးယောက်လုံးက လူထုမီဒီယာမှာ ပြောတာဗျ။ အစိုးရကလည်း လူထုမီဒီယာကို ပိတ်ထားတယ်။ ဆိုတော့ ဦးရွှေမန်းက တရားစွဲတယ်၊ အစိုးရကပိတ်တယ်ဆိုတော့ အစိုးရနဲ့ ဦးရွှေမန်း တစ်ဖွဲ့တည်းလားလို့ ကျနော်သံသယ ဖြစ်မိတယ်။ မစွပ်စွဲဘူးနော်၊ သံသယဖြစ်မိတာနော်။”လို့ ဆိုပါတယ်။

 

လတ်တလော အချိန်ထိကတော့ ဦးလှဆွေကို ပတ္တာနယ်မြေရဲစခန်းက အမှုနဲ့ပတ်သက်ပြီး အသိပေးရုံ အဆင့်သာရှိသေးကြောင်း သိရပါတယ်။ ဒါ့ပေမယ့်လည်း လာမယ့် ၆ ရက်နေ့မှာတော့ ရဲစခန်းရဲ့စစ်ဆေးမှုတွေကို ခံယူဖို့ရှိတယ်လို့ ပြောဆိုသလို သုံးယောက်ဆုံမှ လာရောက်ဖြေဆိုမယ်လို့လည်း ပြောဆိုထားပါတယ်။

 

 

#voiceofmyanmar # သူရဦးရွှေမန်း #ဒရိုင်ဘာတစ်ဦးကတရားလိုလုပ်တရားစွဲထားတဲ့အမှု #သုံးဦးစုံမှ ရဲစခန်းစစ်မေးမှုကိုလက်ခံမယ် #ဦးလှဆွေ #ဦးရဲထွဋ် #ဦးဘိုဘိုကျော်ငြိမ်း #နေပြည်တော် #ပုဗ္ဗသီရိမြို့နယ် #ပတ္တာနယ်မြေရဲစခန်း #နိုင်လွတ်လုံ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW