စစ်ကြောရေးကာလအတွင်း အရပ်သားတွေသေဆုံးမှု တရားမျှတမှုရှိရေး တောင်းဆို

စစ်တွေ၊ ဇူလိုင် ၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေ ဖမ်းဆီးခံရပြီး သေဆုံးမှုတွေ ပိုမိုမြင့်မားလာနေတာ ဖြစ်ပါတယ်။

 

အဲ့ဒီလို သေဆုံးနေကြရတဲ့ အရပ်သားပြည်သူတွေနဲ့ပတ်သက်လို့ တရားမျှတမှုရှိစေရေးအတွက် ဇူလိုင် ၂ ရက် နေ့လည်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့ ဦးဥတ္တမပန်းခြံမှာ လူငယ်တွေစုပေါင်းပြီး တောင်းဆိုမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

 

“ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် နစ်နာဆုံးရှုံးနေရတဲ့ပြည်သူတွေ၊ မတရားနှိပ်စက်ဖမ်းဆီးခံနေရတဲ့ပြည်သူတွေ၊ ဒီအပေါ်မှာ မှန်ကန်တဲ့ တရားမျှတမှုကို လိုချင်တဲ့အတွက် ဒီလိုလုပ်ရခြင်း ဖြစ်ပါတယ်။”လို့ ဦးဆောင်လှုပ်ရှားခဲ့သူ ကိုသန်းလှက ပြောပါတယ်။

 

ဒါ့အပြင် အဲ့ဒီတောင်းဆိုတဲ့လှုပ်ရှားမှုမှာ အရပ်သားတွေရဲ့ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခံရတာတွေကို ခံစားနေရတာနဲ့ ပတ်သက်လို့ သရုပ်ဖော်ပြကွက်တွေကိုလည်း ထည့်သွင်းပြသခဲ့ကြတာ ဖြစ်ပါတယ်။

 

အဲ့ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့သူ မစုစုဝေမြတ်က“လူသားတစ်ဦးရဲ့ဖြစ်တည်မှုဆိုကတည်းက ရပိုင်ခွင့်တွေ ရှိတယ်။ ပြည်သူတွေအနေနဲ့ ရပိုင်ခွင့်တွေဆုံးရှုံးနေရတယ်။ ဒီနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားထဲမှာ ပြည်သူတွေဟာ ညပ်နေတယ်၊ ရောပါနေရတယ်။ နောက်ပြီးရင် ပြည်သူတွေရဲ့အသက်အိုးအိမ်တွေ ဆုံးရှုံးနေရတယ်။ ဒါကြောင့် ဒီသရုပ်ပြလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

 

နှစ်ဖက်တိုက်ခိုက်မှုတွေကြားမှာ ပြည်သူတွေနစ်နာဆုံးရှုံးမှုတွေ မခံရရေး၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ မခံရရေး၊ ပြည်သူတွေမြေစာပင် မဖြစ်စေရေး၊ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ငဲ့ညှာတဲ့အနေနဲ့ တိုက်ပွဲတွေကိုရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ကြဖို့အတွက် တိုက်တွန်းတဲ့တောင်းဆိုမှု ဖြစ်တယ်လို့ ဦးဆောင်သူ ကိုသန်းလှက ပြောပါတယ်။

 

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကာလအတွင်းမှာ တပ်မတော်ရဲ့ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး သေဆုံးသွားတဲ့အရပ်သားဒေသခံ ၁၄ ဦးထိရှိနေပြီ ဖြစ်ပါတယ်။

 

#voiceofmyanmar # စစ်ကြောရေးကာလအတွင်း #အရပ်သားတွေသေဆုံးမှု #တရားမျှတမှုရရှိရေး တောင်းဆို #ရခိုင် #စစ်တွေ #ဦးဥတ္တမပန်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW