အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးလုပ်တဲ့အခါမှာ ရန်သူတွေသဖွယ်မလုပ်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောဆို

နေပြည်တော်၊ ဇူလိုင် ၃ – ၂၀၁၉

ကိုထွန်း(VOM)

 

နိုင်ငံအတွက် အနာဂါတ်မျိုးဆက်တွေရဲ့ အကျိုးကိုထမ်းဆောင်နိုင်ရေး အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးလုပ်တဲ့အခါမှာ ရန်သူတွေသဖွယ် မလုပ်ဘဲ တန်းတူညီတူ လက်တွဲလုပ်ဆောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားမှာ  ပြောဆိုပါတယ်။

 

“အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှရေး လုပ်တဲ့အခါမှာ ရန်သူတွေသဖွယ် တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး လုပ်တာမဟုတ်ဘဲနဲ့ မိတ်ဆွေများလို၊ မောင်နှမရင်းချာတွေလို စိတ်ဓါတ်တွေနဲ့ လုပ်တာပဲ ဖြစ်စေချင်ပါတယ်။ အမျိုးသားတွေကို နောက်မကျန်ခဲ့စေချင်သလို ကျမတို့အမျိုးသမီးတွေကလည်း နောက်မကျန်ရစ်ခဲ့ချင်ပါဘူး။ အားလုံးလက်တွဲပြီးတော့ တန်းတူညီတူ လက်တွဲပြီး သွားနိုင်ဖို့ ဦးတည်ရမှာ ဖြစ်ပါတယ်။”လို့ ပြောဆိုခဲ့တာပါ။

 

ကျား၊ မရေးရာ တန်းတူညီမျှမှုနဲ့ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ လူမှုရေးရာဝန်ဆောင်မှုများနဲ့ လုပ်ထုံးလုပ်နည်း ယန္တရားများအတွက် ဆန်းသစ်တဲ့နည်းလမ်းသစ်များကို ဖော်ထုတ်ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

 

ဖွံ့ဖြိုးစနိုင်ငံတစ်ခု၊ ငြိမ်းချမ်းရေးအင်မတန်မှ လိုအပ်တဲ့နိုင်ငံတစ်ခု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်မှန်းနေရတဲ့နိုင်ငံတစ်ခုအတွက် အကောင်းဆုံးက ဘာလဲဆိုတာကို အမျိုးသမီးတစ်ဦးချင်းဆီက စဉ်းစားပြီးတော့ ပံ့ပိုးလုပ်ဆောင်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

 

“တစ်ကွဲတပြားဆီ၊ တစ်ဖွဲ့ချင်းဆီ ကိုယ့်အတွက်ပဲ ကိုယ်လုပ်နေရင်တော့ ကျမတို့ နိုင်ငံရဲ့တိုးတက်ရေးကို ပံ့ပိုးနိုင်မှာ မဟုတ်ပါဘူး။”လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။

 

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ ဆက်သွယ်ရေးတော်လှန်ရေးခေတ်မှာ တစ်ကမ္ဘာလုံးက တန်ဖိုးထားစရာ စံနှုန်းတွေကို မြန်မာနိုင်ငံအတွင်းက ကလေးငယ်တွေဆီ ရောက်အောင် အမျိုးသမီးတွေအနေနဲ့လည်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်  တစ်ကမ္ဘာလုံးက လုပ်လို့ကောင်းတယ်ဆိုတိုင်း ကောင်းတယ်လို့ သတ်မှတ်မရတဲ့အတွက် မိမိတို့အနေနဲ့ စဉ်းစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေအနေနဲ့   ကလေးတွေကို စနစ်တကျပြုစုပျိုးထောင်ဖို့၊ မိမိတို့ရဲ့နောင်မျိုးဆက်ကို ကောင်းမွန်တဲ့ အသိုင်းအဝိုင်းကြားမှာ ကြီးပြင်းလာဖို့၊ နေထိုင်သွားစေဖို့ လေးလေးနက်နက် စဉ်းစားရမယ်လို့လည်း မှာကြားပါတယ်။

 

“တန်ဖိုးရှိတဲ့နိုင်ငံဖြစ်ဖို့ ကျမတို့ရဲ့အမျိုးသမီးတွေက ဦးဆောင်ပြီးလုပ်စေချင်ပါတယ်။ အခွင့်အရေးကို စဉ်းစားရင် ဘာတာဝန် ယူရမလဲဆိုတာကို စဉ်းစားဖို့ ကျမ ခနခန ပြောခဲ့ပါတယ်။ အခုခေတ်က အခွင့်အရေးကို ဦးစားပေးတဲ့ခေတ်ဖြစ်ပါတယ်။ အများကို အကျိုးပြုဖို့ဆိုရင် တာဝန်နဲ့ ထိန်းထားရမှာဖြစ်ပါတယ်။ တာဝန်နဲ့ အခွင့်အရေးကို ဒွန်တွဲပြီးကိုင်ထားမှသာ ကျမတို့ နိုင်ငံဟာ တကယ်ကို တန်ဖိုးရှိတဲ့ နိုင်ငံဖြစ်လာမှာပါ။”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

 

#voiceofmyanmar # အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှရေးလုပ်တဲ့အခါ  #ရန်သူတွေသဖွယ်မလုပ်ဖို့ #အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောဆို  #နေပြည်တော် #မြန်မာအမျိုးသမီးများနေ့#

 

Related posts

Leave a Comment

VOM News

FREE
VIEW