ပြည် ကုတင် ၅၀၀ ဆေးရုံကြီးမှာ သွေးလိုအပ်မှုတွေရှိနေ

ပြည်၊ ဇူလိုင် ၃ – ၂၀၁၉

လမင်း (VOM)

 

ပဲခူးတိုင်း ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသနေတဲ့ လူနာတွေအတွက် သွေးလိုအပ်မှုတွေ ရှိနေတယ်လို့ အဲဒီဆေးရုံကြီးက သိရပါတယ်။

 

“ပုံမှန် တာဝန်ကျတဲ့အတိုင်း ခွဲလို့၊ စိတ်လို့ လိုတဲ့လူနာတွေအပြင် နေ့စဉ်နေ့တိုင်း ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ကားမှောက်၊ ဆိုင်ကယ်တိုက်တာ အဲ့လိုမတော်တဆမှုမျိုးစုံနဲ့ တော်တော်များများ ရောက်လာတာကြောင့် တနေ့ကို သုံးစွဲတဲ့သွေးပမာဏတွေ အများဆုံးသုံးစွဲနေရတာကြောင့် လိုအပ်နေတာ။” လို့ အဲဒီဆေးရုံရဲ့ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာအောင်ငြိမ်းဝင်းက ရှင်းပြပါတယ်။

 

 

ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကို စတည်ဆောက်စဉ်က ကုတင် ၂၀၀ ဆံ့ကနေ ၂၀၁၅ ခုနှစ်မှာ ကုတင် ၅၀၀ ဆံ့အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက သွေးလိုအပ်မှုတွေ ရှိခဲ့ရာကနေ အခုနောက်ပိုင်း ပိုများလာတယ်လို့ သိရပါတယ်။

 

“ဧရာဝတီတိုင်းဘက်ကလည်း လာကုတယ်။ ရခိုင်ဘက်ကလည်း လာကုတယ်။ မကွေးတိုင်းကလည်း လာကုတော့ တကယ့်ကို ဆုံချက်နေရာကြီးဖြစ်နေတာ။ ဆေးရုံကြီးက နိုင်နိုင်နင်းနင်းလုပ်ဖို့ဆိုရင် သွေးပမာဏများများ ထောက်ပံ့နိုင်မှ ရမယ်။ ” လို့ ဆရာဝန်ကြီးက ဆိုပါတယ်။

 

အခုလို သွေးလိုအပ်မှုတွေအတွက် တဖက်မှာလည်း စုပေါင်းသွေးလှူမှုတွေတော့ လာလေ့ရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၂ ရက်ကလည်း ပြည်တက္ကသိုလ် ကြက်ခြေနီအသင်း (ခွဲ)ကဦးဆောင်ပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေစုစည်းကာ စုပေါင်းသွေးလှူဒါန်းခဲ့ကြပါတယ်။

 

” ဒီအချိန်က သွေးလွန်တုပ်ကွေးလည်း ဖြစ်တဲ့အချိန် ဆေးရုံကြီးမှာလည်း သွေးအများစုက လိုအပ်နေတယ်လို့ ဆေးရုံအုပ်ကြီးနဲ့ ဆက်သွယ်ပြီးဟြေတဲ့အခါမှာ ကလေးတွေကလည်း နှစ်စဉ် အားတက်သရော လှူဒါန်းမယ်ဆိုတဲ့ အစီအစဉ်လေးနဲ့ လှူဒါန်းခဲ့ကြတာပါ။”လို့ ပြည်တက္ကသိုလ်ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဌ ဒေါက်တာခင်ဖြူဖြူသန်းက ဟြေပါတယ်။

 

#voiceofmyanmar #ပြည် #ကုတင် ၅၀၀ဆေးရုံကြီး #သွေးလိုအပ်မှုတွေရှိနေ #ပဲခူး #

Related posts

Leave a Comment

VOM News

FREE
VIEW