မြစ်ရေမြင့်တက်လာတဲ့အတွက် စင်္ဘောကိုင်းစခန်းက ဒုက္ခသည်တွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရ

မြောက်ဦး၊ ဇူလိုင် ၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

 

မိုးတွင်းကာလကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် လေးမြို့မြစ်ရေဟာ မြင့်တက်လာနေတာကြောင့် မြောက်ဦးမြို့နယ်အတွင်းက စင်္ဘောကိုင်း စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို ကျေးရွာအတွင်းက နေအိမ်တွေမှာ ယာယီပြောင်းရွှေ့ထားရတယ်လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

 

အဲ့ဒီစခန်းဟာ လေးမြို့မြစ်အထက်ပိုင်းက စင်္ဘောကိုင်းကျေးရွာအရှေ့ဘက် မြစ်ဝှမ်းသဲသောင်ခုံပေါ်မှာ ယာယီ တည်ဆောက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလကနေစတင်ပြီးတော့ မြစ်ရေမြင့်တက်လာခဲ့တဲ့အတွက် အခုလို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။

 

“အဲ့ဒီမှာနေလို့ မရတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေကို ရွာထဲကို ပြောင်းရွှေ့ထားရပါတယ်။ မြစ်ရေတက်လာတော့ စခန်းတစ်ခုလုံးကို ရေဝင်လာတယ်။ ဒါကြောင့် နေအိမ်တွေမှာပဲ ယာယီ နေရာချပေးထားရတာပေါ့။”လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

 

လက်ရှိမှာ အဲ့ဒီစခန်းကို နေရာပြောင်းရွှေ့လိုက်ရတဲ့အတွက် ဒုက္ခသည်တွေကို ယာယီထားပေးမယ့် တဲအိမ်တွေ ဆောက်လုပ်ဖို့ အခက်အခဲရှိနေပြီး နေအိမ်တချို့ကိုတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

“စခန်းမှာက အိမ်ထောင်စုပေါင်း ငါးရာကျော်ရှိတယ်။ ဒီလူတွေနေဖို့အတွက် တဲအိမ်တွေ ဆောက်လုပ်ဖို့ လိုနေပါတယ်။ ICRC ကတော့ လောလောဆယ် တဲအိမ် ၄၈ လုံးဆောက်ပေးဖို့ လုပ်နေတယ်။ တခြားအကူအညီတော့ မရှိသေးဘူး။”လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။

 

အဲ့ဒီစခန်းဟာ မြောက်ဦးမြို့နယ်အတွင်းမှာ အကြီးဆုံးစခန်းတစ်ခုဖြစ်ပြီး အစိုးရရဲ့အကူအညီ မရရှိတာကြောင့် အဲ့ဒီစခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေ နေရေး၊ ထိုင်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

မိုးလေဝသနဲ့ဇလဗေဒဌာနကလည်း အခု ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ မြန်မာနိုင်ငံအတွင်းက မြစ်ကြီး ၁၃ စင်းမှာ စိုးရိမ်ရေမှတ်ကျော်လွန်တဲ့ ရေကြီးမှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

ဓါတ်ပုံ – ခိုင်မင်းသျှင်

 

#voiceofmyanmar # မြစ်ရေမြင့်တက်လာ #စင်္ဘောကိုင်းစခန်းကဒုက္ခသည်တွေ #ဘေးလွတ်ရာ ပြောင်းရွှေ့ထားရ #ရခိုင် #မြောက်ဦး #လေးမြို့မြစ် # မြတန်ဆောင်းဆရာတော် # အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC

Related posts

Leave a Comment

VOM News

FREE
VIEW