ဆေးရုံက မစိုးရိမ်ရဘူးဆိုပြီး ပြန်လွှတ်လိုက်တဲ့ လသားကလေး နာရီပိုင်းအတွင်းသေဆုံး မိသားစုဘက်က အရေးယူပေးဖို့လိုလား

ပြည်၊ ဇူလိုင် – ၉-၂၀၁၉

ဂျန်ကိုးလ် (VOM)

 

ပဲခူးတိုင်း ပြည်မြို့က ကုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံ ပြင်ပလူနာဌာနကို လသားအရွယ် ကလေးနေမကောင်းလို့ လာပြရာမှာ မစိုးရိမ်ရဘူးပြောဆိုကာ ပြန်လွှတ်လိုက်ပေမယ့် နာရီပိုင်းအတွင်း အဲဒီကလေး သေဆုံးသွားခဲ့တဲ့အတွက် အရေးယူပေးဖို့ မိသားစုဝင်တွေက လိုလားနေပါတယ်။

 

“အဖျားတိုင်းပြီး ရေလေးခါ ချိုးဖို့မှာပြီး ပြန်လွှတ်တယ်။ အပြန်လမ်းမှာ ကလေးကြည့်ရတာ မသက်သာလို့ ၄ လမ်းက ဆရာဝန်ပြန်ပြတော့ ကလေးအထူးကုဆီ ပြခိုင်းလို့မြို့ထဲသွားတော့ အထူးကုဆေးခန်းက ပိတ်တယ်။ ပြန်လာပြီးတော့ ၁၃ လမ်းက ဆရာဝန်ထပ်ပြတော့ ဆူဆူဆဲဆဲနဲ့ အမြန်သွား၊ ကုသဆောင်ကိုတန်းသွားဆိုလို့ ဆေးရုံကြီးကုသဆောင်ကို ပြန်သွားတာ၊ ဟိုရောက်တော့ အောက်ဆီဂျင်ပေးရင်း ခနလေးနဲ့ဆုံးသွားတယ်။”လို့ မိခင်ဖြစ်သူ မစုနန္ဒာက ပြောပါတယ်။

 

ဖြစ်စဉ်မှာ အစအဆုံးလိုက်ပါခဲ့တဲ့ ကလေးရဲ့အဒေါ်ဖြစ်သူ မခိုင်ဇင်ထွေးကလည်း“သေချာနားကြပ်တွေ၊ ဘာတွေနဲ့စမ်းသပ်တာမရှိဘူး။ အဖျားပဲတိုင်းပြီး ပြန်လွှတ်တာ။  နောက်ဆုံးအခေါက်မှာ ကလေးဆောင်ကို တန်းဝင်လိုက်တယ်။ အဲဒီက စာအုပ်မေးလို့ မပါလို့ သွားလုပ်ရတယ်။ စာအုပ်ယူပြီး ပြန်လာတော့ ကလေးက သေနေပြီ။”လို့ ပြောပါတယ်။

 

ကလေးငယ်ဟာ ငါးလသားအရွယ်ယောက်ျားလေးတစ်ဦးဖြစ်ပြီး မနေ့ ဇူလိုင် ၈ ရက်က မနက်ပိုင်း ဆယ်နာရီလောက် ဆေးရုံကိုလာပြရာကနေ နေ့မွန်းလွဲလောက်မှာ သေဆုံးသွားခဲ့တာပါ။ ဒီကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ကျဆရာဝန်အမျိုးသမီးကို အရေးယူပေးစေချင်တယ်လို့ မိသားစုဝင်တွေကဆိုပါတယ်။

 

ဒါပေမယ့် အဲဒီဆေးရုံရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မေသွင်ကတော့ ကလေးငယ် ဆေးရုံကိုလာပြစဉ်က ကနဦးစမ်းသပ်ခဲ့တဲ့ လက်ထောက်ဆရာဝန်ရဲ့ပြောပြချက်အရ ကလေးမှာ တက်ခြင်း၊ ချောင်းဆိုးခြင်း၊ အန်ခြင်းမရှိသလို နို့စို့နိုင်တဲ့အတွက် လောလောဆယ်အနေအထားအရ မစိုးရိမ်ရလို့  ကလေးတစ်ခုခုဖြစ်ရင်သာ ပြန်လာပြဖို့ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

 

“ဒါနဲ့ပတ်သက်လို့ ပြန်ပြီးတော့ အစည်းအဝေးပြန်ထိုင်ရမှာပေါ့။ ပြန်ထိုင်ပြီးတော့ ဘယ်နေရာမှာ ဘာလိုအပ်လဲ၊ လိုအပ်တာတွေ လုပ်ကြရမှာပေါ့။ ဆရာမကတော့ သူ့ကိုစမ်းသပ်လိုက်တဲ့ဆရာဝန်တွေနဲ့လည်း ပြန်တွေ့ပြီးတော့ လူနာရှင်ကိုလည်း ဆရာမတို့ပြန်တွေ့ပြီးတော့ ရှင်းပြစရာရှိလည်း ရှင်းပြရာမှာပေါ့။” လို့လည်း ဆေးရုံအုပ်ကြီးက ဆိုပါတယ်။

 

#voiceofmyanmar # ဆေးရုံကမစိုးရိမ်ရဘူးဆိုပြီး ပြန်လွှတ် #လသားကလေး နာရီပိုင်းအတွင်းသေဆုံး #မိသားစုဘက်ကအရေးယူပေးဖို့လိုလား  #ပဲခူး #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW