အင်းတော် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်နဲ့ သစ်ခွဲစက်တွေကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

အင်းတော်၊ ဇူလိုင် – ၁၀ -၂၀၁၉

နိုင်ကြီး – ကသာ (VOM)

 

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာ သစ်စက်တွေနဲ့ ကျွန်းသစ်တန်ချိန် ရှစ်ဆယ်ကျော်ကို  ဇူလိုင် ၈ ရက်က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့  ကသာခရိုင် သစ်တောဦးစီးဌာနက သိရပါတယ်။

 

အင်းတော်မြို့နယ်ရှိ သစ်တောကြိုးဝိုင်းတွေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေချိန် မံမော်ကြိုးဝိုင်း အကွက်အမှတ် ၅၀၊ ၅၆၊ ၅၇၊ ၇၂၊ ၇၃ နဲ့ နမ့်ဖယ်ကြိုးဝိုင်း အကွက်အမှတ် ၇၂ အဲဒီနေရာတွေမှာ တရားမဝင် ကျွန်းသစ်လုံးနဲ့သစ်ခွဲသား (၇၉၆ )လုံး /ချောင်း (တန်ချိန်အားဖြင့် ၈၃.၃၉၁၆ တန်) နဲ့ သစ်စက် ၅ လုံးကို ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်တွေကို စုံစမ်းဖော်ထုတ်ကာ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

“သစ်တောကြိုးဝိုင်းတွေအတွင်း ရဲရဲတင်းတင်း သစ်ခိုးခုတ်ယူနေသူတွေကို ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူသွားမှာပါ။” လို့ ကသာခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးက  ပြောပါတယ်။

 

တရားမဝင်သစ်တွေခုတ်ပြီး သစ်ခွဲစက်တွေထောင်ထားကြတဲ့ သူတွေဟာ  နယ်မြေကျွမ်းကျင်သူတွေ ဖြစ်နေတော့ အခုလို ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ ပိုင်ရှင်တွေနဲ့အတူတွဲပြီး ဖမ်းဆီးရမိဖို့က ခက်ခဲနေတယ်လို့ ဦးမြင့်နိုင်ဦးက ဆိုပါတယ်။

 

ဓါတ်ပုံ- ကသာခရိုင် သစ်တောဦးစီးဌာန

 

#voiceofmyanmar # အင်းတော် #သစ်တောကြိုးဝိုင်းအတွင်း #တရားမဝင်သစ်နဲ့သစ်ခွဲစက် #ပိုင်ရှင်မဲ့ဖမ်းဆီးရမိ #စစ်ကိုင်း #ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW