ထိုင်ဝမ်ကိုလက်နက်ရောင်းမယ့် အမေရိကန်ကုမ္ပဏီတွေကို တရုတ်နိုင်ငံက အရေးယူပိတ်ဆို့သွားမယ်

ပေကျင်း၊ ဇူလိုင်-၁၃-၂၀၁၉

မျိုးဆက်(VOM)

 

ထိုင်ဝမ်ကို  ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ တင့်ကားတွေ၊ ဒုံးပျံတွေနဲ့  ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီချက်မှာပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်မယ်လို့ တရုတ်နိုင်ငံက ဇူလိုင် ၁၂ ရက်မှာ သတိပေးပြောဆိုလိုက်ပြီး အဲဒီရောင်းချမှုဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်ရဲ့ တောင်းဆိုမှုကြောင့် ဂျင်နရယ်ဒိုင်းနမစ်ကော်ပိုရေးရှင်းက အေဘရမ်တင့်ကား ၁၀၈ စီး၊ ရေသီယွန်ကုမ္ပဏီက ထုတ်လုပ်တဲ့  စတင်းဂါး ဒုံးကျည် ၂၅၀ ကို ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ဒီလို လက်နက်တွေရောင်းချတာဟာ ဒေသတွင်း စစ်ရေးမျှခြေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပင်တဂွန်က ဆိုပါတယ်။ ဒါပေမယ့် တစ်နှစ်ကြာ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေပြီး အမေရိကန်ရဲ့ အဓိကလုံခြုံရေးပြိုင်ဘက် တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကို  လက်နက်ရောင်းချရေး သဘောတူညီချက်ကို ရုပ်သိမ်းဖို့ တောင်းဆိုထားပါတယ်။

 

အမေရိကန်ရဲ့ လက်နက်ရောင်းချရေး သဘောတူညီချက်ဟာ  နိုင်ငံတကာ ဥပဒေတွေနဲ့ နိုင်ငံတကာဆက်ဆံရေး အခြေခံ စည်းမျဉ်း၊စည်းကမ်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့် ငြင်းဆိုပြီး ထိုင်ဝမ်ကို လက်နက်ရောင်းချရေး သဘောတူညီချက်မှာ ပါဝင်တဲ့ အမေရိကန် ကုမ္ပဏီတွေကို ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။

 

Ref : Reuters

Photo : Getty Images

 

#voiceofmyanmar # ထိုင်ဝမ် #လက်နက်ရောင်းမယ့်ကုမ္ပဏီတွေကိုအရေးယူပိတ်ဆို့မယ် #တရုတ်နိုင်ငံက #အမေရိကန် #ပင်တဂွန်စစ်ဌာနချုပ် #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW